တောင်ကြာအင်းရွာတွင် စစ်ကောင်စီတပ် နေ့ဘက် ဧည့်စာရင်းလိုက်လံစစ်ဆေးနေ

တောင်ကြာအင်းရွာတွင် စစ်ကောင်စီတပ် နေ့ဘက် ဧည့်စာရင်းလိုက်လံစစ်ဆေးနေ

ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းကျေးရွာတွင် စက်တင်ဘာလ ၁၈ရက်၊ ယမန်နေ့ နေ့ခင်းဘက်တွင် ကျေးရွာ၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်က ဧည့်စာရင်းများ လိုက်လံစစ်ဆေးနေသည်ဟု တောင်ကြာအင်းဒေသခံများက ပြော သည်။

တောင်ကြာအင်းကျေးရွာသည် စစ်ကောင်စီ၏ လက်နက်ကြီး မကြာခဏ ပစ်ခတ်ရသည့်အတွက် ဒေသခံအများစုမှာ နေ့အချိန်တွင် ရွာထဲနေထိုင်ကြသော်လည်း ညအချိန်တွင် အချို့ရွာသားများက ဘုန်းကြီးကျောင်း၌လည်းကောင်း၊ အချို့မှာမူ နီးစပ်ရာကျေးရွာများ၌ သွားရောက်အိပ်စက်ကြသည့်အတွက် စစ်ကောင်စီတပ်က နေ့ဘက်တွင် ဧည့်စာရင်း စစ်ဆေးနေခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကျနော်တို့ရွာရဲ့ချောင်းအစပ်နဲ့ ရွာအပြင်မှာ စစ်သားတွေ အင်အားတိုးလာတယ်။ အဲ့ဒီမှာသူတို့ ဂိတ်စခန်းတွေ အများကြီးချထားတယ်လေ။ မနေ့တုန်းက နေ့လယ်ဘက်ကြီးကို ဧည့်စာရင်း လာစစ်သွား တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းနယ်မြေတွင် တော်လှန်ရေးတပ်ဖွဲ့များ အပါအဝင် အဖွဲ့စုံ လှုပ်ရှားမှုများ ရှိသည့်အတွက် တိုက်ပွဲဖြစ်လာပါက စစ် ကောင်စီတပ်များမှာ ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်းလည်း ၎င်းရွာခံက ဆက်ပြောသည်။

ထို့အပြင် စက်တင်ဘာလ (၁၃) ရက်နေ့က ကျေးရွာအတွင်း ညအချိန် မီးစက်နှိုးသည့် နေအိမ်များကို စစ်ကောင်စီတပ် က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာထဲသို့ စစ်ကောင်စီတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မကြာခဏ ရှိသည်ဟု သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြာအင်းတံတားပေါ်ရှိ စစ်ကောင်စီဂိတ်တစ်ခုကို နယ်မြေခံ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်တို့ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့နောက် ကျေးရွာထဲတွင် စစ်ကောင်စီ တပ်များက အင်အားတိုးချဲ့လာပြီး နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ ဝင်လာနိုင်သည့်ရွာလမ်းကြား၌လည်း မိုင်းထောင် ထားခဲ့ကြောင်း နယ်မြေခံပြည်သူများက ပြောဆိုကြသည်။

အဆိုပါတောင်ကြာအင်းကျေးရွာမှစ၍ ကိုးတိုင်လမ်းခွဲအထိတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF၊ DKBA နှင့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) တပ်ဖွဲ့ဝင်ဂိတ်များ အပါအဝင် ဂိတ်ပေါင်း ၂၀နီးပါးရှိကာ ယခင်လများထက် ဂိတ်များလာသည့်အပြင် အချို့ဂိတ်မှာ သွားလာနေသည့်ကားများကို

စစ်ဆေးခြင်း၊ ငွေကောက်ခံခြင်းများ ရှိသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...