PDF များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော်လည်း လူမှုရေးကိစ္စရပ်များကို ကူညီနေဟု အေအေဆို

PDF များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော်လည်း လူမှုရေးကိစ္စရပ်များကို ကူညီနေဟု အေအေဆို
ဒီမော့ဆို PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
ဒီမော့ဆို PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေခြင်းမရှိသော်လည်း လူမှုရေးကိစ္စရပ်များတွင် ကူညီဆောင်ရွက်မှုများရှိကြောင်း ယနေ့ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA) သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

ရခိုင်ပြည်နယ်တွင် PDF တပ်ဖွဲ့ဝင်များမရှိသော်လည်း AA နှင့်ဆက်စပ်သည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသတို့တွင် PDF တပ်ဖွဲ့များ လှုပ်ရှားမှုများရှိကြောင်း ဦးခိုင်သုခကဆိုသည်။

“ကျနော်တို့ ရခိုင်ပြည်ထဲမှာတော့ PDF တွေမရှိဘူး။ ဒါပေမယ့် ကျနော်တို့နဲ့ဆက်စပ်နေတဲ့ ချင်းပြည်ဖက်၊ မကွေးဖက်တွေမှာတော့ Local PDF တွေတော့ သူ့ဟာနဲ့သူ လှုပ်ရှားနေတာတွေတော့ရှိတယ်။ တချို့နေရာတွေမှာတော့ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေကိုတော့ ကျနော်တို့ အကူအညီပေးတာတွေရှိတယ်။ စစ်ရေးအကူအညီပေးတာတွေ သိပ်မရှိဘူး”ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ် လေးမြို့ချောင်းတွင်ရှိသည့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသော်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း ဦးခိုင်သုခကဆက်ပြောသည်။

“လေးမြို့ချောင်းဖက်မှာရှိတဲ့ ချင်း PDF တပ်တွေနဲ့တော့ ရင်းနှီးတဲ့ဆက်ဆံမှုတွေရှိတယ်။ ဒါပေမယ့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တဲ့အဆင့်မရှိဘူး”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ခိုက်ရေးစွမ်းရည်ကို ချီးကျူးကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယခင်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကို လက်မခံသဖြင့် လူငယ်များမှာ မြို့နယ်အလိုက် ကာကွယ်ရေးတပ်များဖွဲ့စည်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိကြသည်။

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...