KBZ Pay ပထမဆင့် (Level 1) အကောင့်များ ပိတ်သိမ်းမည်

KBZ Pay ပထမဆင့် (Level 1) အကောင့်များ ပိတ်သိမ်းမည်

KBZ Pay Level 1 အဆင့်များကို ပိတ်သိမ်းသွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်ထဲတွင် မသမာသူများမှ အချက်အလက် မှန်ကန်စွာ ဖြည့်စွက်ခြင်း မရှိပဲ KBZ Pay Level 1 အဆင့်များဖွင့်ကာ တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသောကြောင့် ဖြေရှင်း ရလွယ်ကူစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက် ထဲတွင် ဖော်ပြ ထားသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ တောင်ကြီးမြို့ ကမ္ဘောဇဘဏ် ၁ က ဝန်ထမ်းက “လောလောဆယ်ပိတ် သိမ်းနေတာ တော့ မရှိသေးဘူး။ ဒါပေမယ့် အပိတ်မခံချင်ရင်တော့ ဘဏ်လာပြီး Level 2 မြင့်ထားဖို့လိုပါတယ်။ အိမ်တိုင်ရာ ရောက် ဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်။ Level 1 နဲ့ဆိုရင်

ငွေအကန့်အသတ်နဲ့ပဲ လွှဲတာတွေ လက်ခံ တာတွေလုပ်ရလို့ Level မြင့်ထားသင့်ပါတယ်” ဟု ပြောသည်။

သို့သော် KBZ Bank အနေဖြင့် KBZ Pay Level 1 အဆင့်များကို ပိတ်သိမ်းသွားမည့်ကိစ္စနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်း၊ ပြောဆိုခြင်းများ မရှိသေးပေ။

ဗဟိုဘဏ်အနေဖြင့် ယခုပိတ်သိမ်းရန် ကြေညာထားသော Level 1 အဆင့်များမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နံပါတ်နှင့် အမည်အရင်းတို့ဖြင့် စာရင်းသွင်းရန် မလိုအပ်ပဲ ဖုန်းနံပါတ်တစ်ခု ရှိရုံဖြင့်သာ ဖွင့်လှစ်နိုင် သည်ဟု KBZ Pay သုံးစွဲသူများ၏ ပြောပြချက်များ အရ သိရသည်။

KBZ Pay Level 1 အဆင့်တွင် ငွေလွှဲခြင်းနှင့် ငွေလက်ခံခြင်း ပြုလုပ်ရာ တစ်လအတွင်း ကျပ် ၅၀,၀၀၀ သာ ဆောင်ရွက်နိုင်သောကြောင့် သုံးစွဲသူ မရှိသလောက်နည်းသည်ဟု ဘဏ်ဝန်ထမ်းများက ပြောသည်။

သို့သော်လည်း Level 2 နှင့် ကွာခြားချက်မရှိသော Level 1.5 အဆင့်များကိုပါ ပိတ်သိမ်းရမည်ဆိုသောကြောင့် ကမ္ဘောဇဘဏ်၏ အကျိုးအမြတ်အတွက် ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်နိုင်သည်ဟု သုံးစွဲသူ အချို့ က သုံးသပ် ပြောဆိုနေကြသည်။ တောင်ကြီးမြို့အတွင်းက KBZ Pay ပုံမှန်သုံးစွဲသူတစ်ဦးက “ဝန်ထမ်းတွေကို တစ်လ K pay ဘယ်နှစ်ယောက် လုပ် ပေးရမယ်ဆိုတာ Target ရှိတယ်။ အဲဒီတော့ Level 1.5 နဲ့ Level 2 ကိုယ့်ရဲ့ အချက်အလက် ပေးရတာချင်း အတူ တူကို ဘဏ်ဝန်ထမ်းတွေ လုပ်ပေးတဲ့ Level 2 ပဲသုံးရမယ် ဆိုတော့ ပေါင်းစားကြတာပေါ့။ ဒီခေတ်မှာ လူလိမ် တွေတောင် Level 1 မသုံးကြတော့ဘူး။ တစ်လ ၅၀,၀၀၀ လောက်နဲ့ ဘာမှ လုပ်လို့မရဘူး။ ထောက်ပို့တွေနဲ့ တော်လှန်ရေး လှုပ်ရှားသူတွေ ခြေရာခံဖို့လည်း မဖြစ်နိုင်ဘူး။ သူတို့တွေကို ဖမ်းချင်ရင် Level 1.5 မှာတင် ခြေ ရာခံလိုက်လို့ရတယ်လေ” ဟု ပြောသည်။

KBZ Pay Level 1.5 နှင့် Level 2 မှာ မှတ်ပုံတင်နှင့် အမည်အရင်း စာရင်းသွင်းရသောကြောင့် အတူတူဟု ဆိုနိုင်ပြီး ဘဏ်ချေးငွေရယူနိုင်ခြင်း တစ်ခုသာ ကွာခြားချက် ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် KBZ Pay အကောင့်ဖွင့်ထားသော ဖုန်းနံပါတ်များမှာလည်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ် ပုံတင်ထားပြီးသည့် အမည်ပေါက် နံပါတ် ဖြစ်/မဖြစ် တိုက်ကာ စစ်ဆေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အဆိုပါ အချက်အလက်များ ဖြည့်သွင်းခြင်းအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိသော KBZ Pay အကောင့်များအား ပိတ်သိမ်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

PDF များအား တောင်ကြီးမြို့တွင်းမှ ထောက်ပို့ပြုလုပ်နေသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး “ထောက် ပို့တွေ အတွက်တော့ စိုးရိမ်စရာမရှိပါဘူး။ ကျနော်တို့က အစကတည်းက Level မြင့်ထားပြီးသားပါ။ ဖုန်းနံ ပါတ်က နာမည်ပေါက် မဟုတ်လည်း အချက်အလက်က Kpay ဖွင့်ကတည်းက ပေးရတဲ့အတွက် ထူးပြီး စိုးရိမ် စရာ မရှိပါဘူး” ဟု ဖြစ်သည်။

ကမ္ဘောဇဘဏ်နှင့် KBZ Pay မှာ မြန်မာနိုင်ငံတွင် လူသုံးစွဲမှု အများဆုံးဖြစ်သော်လည်း စစ်အာဏာရှင် တော်လှန် ရေး လှုပ်ရှားနေသူဟု သံသယဖြင့် ဘဏ်ဝန်ဆောင်မှု သုံးစွဲနေသူများ၏ အကောင့်များကို မကြာခဏ ပိတ်သိမ်းမှုများ ပြုလုပ်နေသောကြောင့် စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု ဝေဖန်ခံနေရသော ဘဏ်လည်းဖြစ်သည်။

သို့သော်လည်း ကွန်ရက်အများဆုံး ဖြန့်ကျက်ထားနိုင်သောဘဏ် ဖြစ်သောကြောင့် လတ်တလော တော်လှန်ရေး ကာလအတွင်း အဆင်ပြေရန် တက်ကြွလှုပ်ရှားသူများအနေဖြင့် သည်းခံပြီး သုံးစွဲနေရသည်ဟု သိရသည်။

ထို့ကြောင့် ဗဟိုဘဏ်မှ ယခုကဲသို့ ထုတ်ပြန်ထားသော်လည်း သုံးစွဲသူဦးရေ မလျော့ကျနိုင်ဘူးဟု တော်လှန်ရေး တက်ကြွလှုပ်ရှားသူများက သုံးသပ်ပြောဆိုနေကြသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...