စစ်တပ်က စစ်ဆေးမှုများရှိ၍ မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာသားများ ထွက်ပြေး

စစ်တပ်က စစ်ဆေးမှုများရှိ၍ မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာသားများ ထွက်ပြေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်မင်္ဂလာကျေးရွာကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်စစ်ဆေးမှုများရှိသည့်အတွက် ဒေသခံများမှာ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက် နေ့လည် ၂ နာရီခန့်က အဆိုပါကျေးရွာသို့ အင်အား ၂၀၀ ကျော်ရှိသည့် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့ကဝင်ရောက်လာပြီး ရွာသားများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ကျေးရွာသား ၃ ဦးကို စစ်တပ်ကခေါ်ယူ စစ်ဆေးခဲ့သည့်အတွက် ကြောက်လန့်၍ ထွက်ပြေး တိမ်ရှောင်နေရကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် အောင်မင်္ဂလာ ကျေးရွာသားတစ်ဦးက ပြောသည်။

“ဒီနေ့ ၂ နာရီလောက်က ရွာအနောက်ဖက်ကနေ သူတို့ဝင်လာပြီးတော့ ရွာထဲမှာ စစ်ဆေးမှုတွေလုပ်တယ်။ သူတို့ပြောတာကတော့ စာရင်းမှာပါတဲ့ ၅ ယောက်ကို လာရှာတာလို့ပြောတယ်။ ဘယ်စာရင်းလဲ၊ ဘယ်သူတွေလည်းဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ နောက်ပြီးတော့ ရွာကလူငယ် ၃ ယောက်ကို ခေါ်ပြီးတော့စစ်ဆေးတယ်။ ဖုန်းတွေကိုစစ်ဆေးတယ်။ သူတို့ (မြန်မာစစ်တပ်) လာတာကတော့ အောင်သာယာဘက်ကနေလာတာပါ”ဟု ၎င်းကဆိုသည်။

ထိုသို့ ခေါ်ယူစစ်ဆေးများရှိသည့်အတွက် ဒေသခံ ၁၅၀ ခန့်မှာ ကြောက်လန့်ပြီး အနီးအနားကျေးရွာများဖြစ်သည့် အောင်ဇေယျ၊ ရွှေတောင်၊ ငွေတောင်၊ သာယာကုန်း၊ မကျည်းကုန်း စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။

“အခုကတော့ ရွာသားတွေက အနီးအနားကျေးရွာတွေကို ထွက်ပြေးနေကြတယ်။ ရွာမှာကျန်ခဲ့တဲ့သူတွေလည်းရှိတယ်။ ခေါ်ယူစစ်ဆေးခံရတဲ့ လူငယ်တွေတော့ ပြန်လွတ်လာပြီ။ အခုလည်း သူတို့ (စစ်တပ်) ရွာထဲမှာရှိသေးတယ်။ ဘယ်ကိုသွားမလဲဆိုတာ ကျနော်တို့လည်း မသိဘူး”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ယနေ့ နေ့လည်ပိုင်းကလည်း အောင်သာယာကျေးရွာမှ ဟိန္ဒူဘာသာဝင် လူငယ် ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေးများပြုလုပ်ကာ အုပ်ချုပ်ရေးမှူး၏ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း အောင်သာယာကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ ဒေသခံများကိုခေါ်ယူစစ်ဆေးမှုများရှိနေသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးသည့်အတွက် အဆက်အသွယ် မရရှိသေးပေ။

လက်ရှိ မောင်တောမြောက်ပိုင်းဒေသများသို့ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့တို့က စစ်အင်အားတို့ချဲ့မှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ မြန်မာစစ်တပ်က ဆုံးရှုံးလိုက်ရသည့်တပ်စခန်းများကို ပြန်လည်ရရှိရေးအတွက် ယခုရက်ပိုင်းအတွင်း အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိကြောင်း DMG သို့ပြောဆိုထားသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့်သြဂုတ်လမှ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...