မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်နှင့် ကျောက်ဖြူမှ ဒေသခံများ မိသားစုနှင့်အဆက်အသွယ်မရ

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်နှင့် ကျောက်ဖြူမှ ဒေသခံများ မိသားစုနှင့်အဆက်အသွယ်မရ

မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ ဒေသခံ တစ်ဦးနှင့် ကျောက်ဖြူမြို့မှ ဒေသခံ (၇) ဦးတို့မှာ ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရသဖြင့် မိသားစုအနေဖြင့် စိုးရိမ်နေရကြောင်းပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့က တောင်ကုတ်မြို့တွင် ဖမ်းဆီးခံလိုက်ရသော ဒေါက်တာ ကျော်သူရအား တောင်ကုတ်အခြေစိုက် ခလရ ၅၄၄ တပ်ရင်းသို့ ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ဇနီးဖြစ်သူ ဒေါ်မိုးမိုးဝါကပြောသည်။

"ဖမ်းဆီးခံရတာက တစ်ပတ်ရှိပြီပေါ့နော်။ ဘယ်မှာထားတယ်၊ ဘယ်ကိုဖမ်းသွားတယ်ဆိုတာကို ကျမတို့အနေနဲ့ မသိရသေးတော့ အရမ်းစိတ်ပူတာကတော့ အမှန်ပဲ။ သူတို့က ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာထားတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းချပြဖို့လိုအပ်တယ်"ဟု သူကဆိုသည်။

အလားတူ ကျောက်ဖြူမြို့တွင်လည်း စက်တင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ဒေသခံ ၇ ဦးကို ခလရ (၃၄) မှ တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ သတင်းအစအနမရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

"အဆက်အသွယ်က မရသေးဘူး။ ဘယ်မှာထားတယ်ဆိုတာကိုလည်း မသိဘူး။ စုံစမ်းလို့လည်းမရဘူး။ စိုးရိမ်တာကတော့ မပြောပြတတ်အောင်ပဲ။ ရိုက်နှက်စစ်ဆေးခံရမှာကို စိုးရိမ်သလို မစားရမသောက်ရဘဲ ကြုံနေသလားလို့ဆိုတာကိုလည်း တွေးပူနေရတယ်"ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်ကပြောသည်။

ထိုသို့ ကျောက်ဖြူမြို့တွင်ဖမ်းဆီးခံရသူများထဲမှ ဆလိုင်ကိုအေး (ခ) ကဟိဆိုသူကို ကျောက်ဖြူမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ခံထားရကြောင်း ကြားသိရသော်လည်း တွေ့ခွင့်မရသေးဟု ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

"သူကတော့ ကျောက်ဖြူမြို့နယ် ရဲစခန်းကိုရောက်တယ်လို့ သိရတယ်။ ဒါပေမဲ့ သူ့မိသားစုနဲ့တော့ မတွေ့ရသေးဘူး။ သူတို့က လက်လုပ်လက်စားတွေဆိုတော့ အဲလောက်လည်း မသိကြဘူး"ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီး အရပ်သားများကို AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခြင်းများ ဆက်တိုက်ဖြစ်ပေါ်လာနေသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...