စစ်ရှောင်များရှိရာရွာကို စစ်ကောင်စီက မီးရှို့

စစ်ရှောင်များရှိရာရွာကို စစ်ကောင်စီက မီးရှို့
ဓါတ်ပုံ - Yesagyo _ Informatio
ဓါတ်ပုံ - Yesagyo _ Informatio

စစ်ရှောင်များ ခိုလှုံရာ ကျေးရွာကို စစ်ကောင်စီ တပ်သားများက နှစ်ရက် ဆက်တိုက် မီးရှို့သည့်အတွက် ရွာခံများပါ ဘေးလွတ်ရာကို ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက စစ်ဘေးရှောင် ၇၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြသည့် ရေယှားကျေးရွာ ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့နေသည့်အတွက် အဆိုပါကျေးရွာထဲက

ဒေသခံများပါ ဘေး လွှတ်ကို ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် ရေယှားကျေးရွာကို တစ်ကြိမ်မီးရှို့ခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက် နေ့ ၊ နံနက်ပိုင်းတွင် တစ်ကြိမ်ထပ်မံမီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အခုမီးရှို့ခံရတာနဲ့ ဆိုရင် လေးကြိမ်လောက်ရှိပါပြီ။ အခု စစ်ကြောင်းလေးကြောင်းနဲ့ တစ်ရွာဝင် တစ်ရွာထွက် ရှို့နေတာပါ။ အနီးအနားကျေးရွာက အကုန် ထွက်ပြေး နေရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမီးရှို့ခံနေရသည် ရေယှားကျေးရွာသည် နေအိမ်များ မီးရှို့ခံရပြီး ထွက်ပြေးနေရသည့် ငတရော်၊ နန်းဦး၊ ထန်းတော၊ ဝါးဘိုး ရွာအပါဝင် ကျေးရွာ ၇ ရွာလောက်က စစ်ဘေးရှောင် ၇၀၀ နီးပါးခန့် လာရောက်ခိုလှုံနေကြ သည့် ကျေးရွာ တစ်ရွာဖြစ်သည်။

“အဲ့ရွာမှာ စစ်ဘေးရှောင် ၇၀၀ လောက်ရှိနေတာ။ ညကအထိ ချက်ပြုတ်ကျွေးမွေးနေကြတာ။ မနက်လည်းကျ ရော စစ်ကြောင်းလာတယ်ဆိုလို့ မသိမ်းနိုင်ဘဲ ဒီအတိုင်းထားခဲ့ကြရတာ။ အဲ့ဒါကို စခန်းရှိတယ်ထင်ပြီး မီးရှို့တာ နေမှာ“ ဟု ဒေသခံတစ်ဦး က ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့ခြင်းကြာင့် ကျေးရွာအတွင်းက နေအိမ် သုံးလုံး မီး လောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ရေလယ်ကျွန်း ဒေသအတွင်းရှိ ကျေးရွာများထဲကို စက်တင်ဘာ ၅ ရက်နေ့က စစ်ကြောင်း လေးကြောင်းနှင့် စက်ဝိုင်းပုံစံ ထိုးစစ်ဆင်လာပြီးနောက် ကျေးရွာဆယ်ရွာထက် မနည်းကို ဝင်ရောက်ပြီး နေအိမ် အချို့ကို မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ရေလယ်ကျွန်းဒေသ မင်းကျေးရွာတွင် စစ်ကောင်စီတပ်က အထိုင်တပ်စွဲထားပြီး ဝါးဘိုးကျေးရွာနှင့် ကံဦးကျေး ရွာတို့တွင်လည်း စစ်ကြောင်းရှိနေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရေလယ်ကျွန်းဒေသတွင် စက်တင်ဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အတွင်း မြစ်သာ၊ သင့်သည်၊ မြေတော်၊ ဘိစပ် ကုန်း၊ မီးလောင်ကျွန်း၊ ခြံယာ၊ ကျောက်ဖူး၊ မိဖုရား စသည့် ကျေးရွာများသည် စစ်ကြောင်းထိုး မီးရှို့ခံခဲ့ရသည့် ရွာများဖြစ်သည် ဟု Yesagyo – Information အဖွဲ့၏ စာရင်းမှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ခဲ့ခြင်းကြောင့် ရေလယ်ကျွန်းဒေသ က စစ်ရှောင်သောင်းချီ ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...