ရခိုင်တွင် ကုန်လမ်း၊ ရေလမ်းသွားလာသည့် ယာဉ်များကို ULA/AA က စစ်ဆေးမည်ဟုပြော

ရခိုင်တွင် ကုန်လမ်း၊ ရေလမ်းသွားလာသည့် ယာဉ်များကို ULA/AA က စစ်ဆေးမည်ဟုပြော
စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် ရေယာဉ်များကိုတွေ့ရစဉ်။
စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် ရေယာဉ်များကိုတွေ့ရစဉ်။

စစ်ကောင်စီက အရပ်ဘက်သုံးယာဉ်များကိုအသုံးပြုကာ စစ်အင်အားဖြည့်တင်းနေသည့်အတွက် ကုန်းလမ်း၊ ရေလမ်းသွားလာသည့်ယာဉ်များကို စစ်ဆေးသွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

ယခုရက်ပိုင်းတွင် ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီ၏တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ်အပြင် အရပ်ဖက်သုံး ခရီးသည်တင် လေယာဉ်၊ ကား၊ မော်တော်ဘုတ်၊ အမြန်ရေယာဉ်များဖြင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကိုအသုံးပြုလျက်ရှိသည်ဟု AA ကဆိုသည်။

ထိုသို့ စစ်ကောင်စီက အင်အားဖြည့်တင်းနေသည့်အတွက် စစ်ရေးအခြေအနေ လိုအပ်ချက်အရ ကုန်းလမ်း၊ ရေလမ်းသွားလာသည့်ယာဉ်များကို ရပ်တန့် စစ်ဆေးသွားမည်ဟု ဦးခိုင်သုခက DMG သို့ပြောသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေရဲ့ လိုအပ်ချက်တွေအရ ဒီလမ်းကြောင်းတွေမှာ ပြေးဆွဲနေကြတဲ့ ယာဉ်လမ်းကြောင်းတွေကို ကျနော်တို့က လိုအပ်ရင်လိုအပ်သလို ရပ်တန့်စစ်ဆေးမှုတွေကို ပြုလုပ်သွားမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ပြည်တွင်းရေကြောင်းအတွက် ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် ကမ်းရိုးတန်းသွားသင်္ဘော ၂ စီးကို စစ်ကောင်စီမှ စားနပ်ရိက္ခာများ၊ လက်နက်ခဲယမ်းများ တင်ပို့အသုံးပြုလျှက်ရှိသည် ဟုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကြောင့် ကုန်းလမ်း၊ ရေလမ်းပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် ခရီးသွားလာမည်ဆိုလျှင် ULA/AA ၏ သက်ဆိုင်ရာရုံးများကို သတင်းပို့သွားလာရမည်ဟု ဦးခိုင်သုခကပြောသည်။

“စစ်ဆေးဖို့ရပ်တန့်တဲ့အခါ စစ်ဆေးမှုတွေကို ကြည်ကြည်ဖြူဖြူနဲ့ ခံယူကြဖို့အတွက် အသိပေးထုတ်ပြန်တာဖြစ်တယ်။ တကယ်လို့ သတင်းမပို့ဘဲသွားလို့ တစ်ခုခုဖြစ်သွားတယ်ဆိုရင်တော့ သတင်းမပို့ပဲသွားတဲ့သူရဲ့ တာဝန်သာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကားများပုံမှန်ပြေးဆွဲနေပြီး စစ်ဆေးမေးမြန်းပါက စစ်ဆေးမှုခံယူသွားမည်ဟု စစ်တွေ-ကျောက်တော်ခရီးစဉ်ပြေးဆွဲနေသည့် ကားသမား ကိုသန်းဌေးကပြောသည်။

“မနက်က ထုတ်ပြန်ထားတာတော့ တွေ့ပါတယ်။ ဒါပေမဲ့ ဘယ်နေရာကို သွားတိုင်ရမယ်ဆိုတာ ကျနော်တို့လည်းမသိသေးဘူး။ ကားကတော့ ပုံမှန်ပြေးဆွဲနေပါတယ်။ AA ဖက်ကတော့ စစ်ဆေးတာမရှိသေးဘူး။ တကယ်လို စစ်ဆေးမယ်ဆိုရင်လည်း ကျနော်တို့က စစ်ဆေးခံဖို့အဆင်သင့်ပါ”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက အရပ်ဘက်သုံးယာဉ်များကိုအသုံးပြုကာ စစ်အင်အားဖြည့်တင်းနေသည်ဟု ULA/AA ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ တုန့်ပြန်ချက်ကိုရရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ရခိုင်ပြည်နယ်စစ်ကောင်စီဝင် လုံခြုံရေးနှင့် နယ်စစ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိ၍ တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက စစ်တွေမှ ဘူးသီးတောင်သို့သွားသည့် အမြန်ရေယာဉ်ကို AA က ရပ်တန့်စစ်ဆေးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...