မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် ၁၀၀ ကျော် အကူအညီလိုနေ

မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် ၁၀၀ ကျော် အကူအညီလိုနေ
မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ အသစ်ရောက်ရှိလာသော စစ်ဘေးရှောင်များ နေထိုင်နေသည်ကိုတွေ့ရစဉ်။
မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ အသစ်ရောက်ရှိလာသော စစ်ဘေးရှောင်များ နေထိုင်နေသည်ကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ ထပ်တိုးရောက်ရှိလာကြသည့် စစ်ဘေးရှောင် ၁၃၆ ဦးမှာ စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံနေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ မြောက်ဦးမြို့နယ်အတွင်းက ဝေသာလီ၊ ပေါက်တောပြင်၊ အုတ်ဖိုကန်၊ လက္ကာ၊ ဘုရားအုပ် စသည့်ကျေးရွာများမှဖြစ်ကြသည်။ လက်ရှိတွင် ၎င်းတို့မှာ ဖြစ်သလိုနေထိုင်စားသောက်နေရကြောင်း မြတန်ဆောင်းဆရာတော်က မိန့်ကြားသည်။

"စစ်ဘေးရှောင်တွေ အသစ်တိုးလာတော့ နေထိုင်ဖို့နေရာကအစလိုလာပြီ။ အခုအချိန်က အလှူရှင်တွေလည်းမရှိတော့ အကုန်လုံးက အခက်အခဲရှိနေတယ်။ ICRC အဖွဲ့ဆီသွားပြီး အခုရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီသွားပြီးတောင်းကြည့်သေးတယ်။ သူတို့က ကူညီဖို့အဆင်မပြေဘူးလို့ ပြောတယ်။ ဘာကြောင့်လဲဆိုတာတော့မပြောဘူး”ဟု ဆရာတော်ကမိန့်ကြားသည်။

“လောလောဆယ်တော့ သူတို့တွေအတွက် မြေနေရာအလွတ်ပေါ်မှာ တာပေါ်လင်စတွေနဲ့ကာပြီး နေထိုင်ဖို့လုပ်ပေးထားတယ်။မိုးရွာတဲ့နေ့တွေကတော့ အဆင်မပြေကြဘူးပေါ့။ စားသောက်ရေးအတွက်ကတော့ အလှူရှင်တချို့ဆီက အကူအညီတောင်းပြီး ၁၅ ရက်စာ ပေးထားသေးတယ်"ဟု မြတန်ဆောင်းဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါကျေးရွာများအနီးတွင်တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က ကျေးရွာများအတွင်းနှင့် ကျေးရွာအနီးတို့တွင် နေထိုင်နေခြင်း၊ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် စစ်ဘေးတိမ်းရှောင်လာရခြင်းဖြစ်သည်ဟု ပေါက်တောပြင်ကျေးရွာမှ ဒေါ်မအောင်စိုးကပြောသည်။

"စစ်သားတွေက သင်းကျိပ်တောင်ပေါ်မှာရော၊ ပေါက်တောပြင်ရွာထဲမှာရောနေတယ်။ လက်နက်ကြီးတွေပစ်တော့ နေလို့အဆင်မပြေတာကြောင့် ပြေးလာရတာ။ ဒီရောက်တော့လည်း စားဝတ်နေရေးအခက်အခဲ ကြုံရပြန်တယ်။ နေ့ခင်းဖက်တွေဆိုရင် ထမင်းချက်ပြုတ်စားသောက်ဖို့အတွက် ဆရာတော်က တာပေါ်လင်စတွေနဲ့ လုပ်ပေးထားတယ်။ အိပ်ရင်တော့ ဓမ္မာရုံမှာအိပ်ရတယ်။ ဘာတစ်ခုမှမပါလာတော့ ခြင်ထောင်တွေကအစ သူများဆီက ငှါးအိပ်နေရတယ်။ ရွာပြန်သွားဖို့ကလည်း မဖြစ်နိုင်ဘူး"ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါစစ်ဘေးရှောင် ၁၃၆ ဦးအတွက် မြတန်ဆောင်းဆရာတော်မှ တစ်နေ့လျှင် လူတစ်ဦးစီအတွက် ဆန်နို့စည်ဗူး ၂ ဗူးနှုန်းဖြင့် ၁၅ ရက်စာပေးထားကြောင်းနှင့် အခြားမီးဖိုချောင်သုံးပစ္စည်းများကိုလည်း ဝေငှပေးထားသည်ဟု ဒေါ်မအောင်စိုးကဆိုသည်။

မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် ယခင်တိုက်ပွဲကာလတည်းက အိမ်ထောင်စု (၂၇၈) စု၊ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း (၁၂၄၂) ဦး ခိုလှုံလျက်ရှိသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့မှာ ပလက်ဝ၊ မြောက်ဦး၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ၆၀၀ ကျော်၊ ရသေ့တောင်မြို့နယ်တွင် ၃၀၀၀ ကျော်၊ မြောက်ဦးမြို့နယ်တွင် ၁၈၀၀ ခန့်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၁၂၅၀ ကျော်အထိ စစ်ဘေးရှောင်ဦးရေထပ်တိုးလာသည်ဟု သိ ရသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...