အလုပ်အကိုင်ရှားပါးမှုကြောင့် အဖမ်းအဆီးများကြားမှ မွတ်ဆလင်များ ရခိုင်ပြည်ပြင်ပသို့ နည်းလမ်းမျိုးစုံဖြင့်ထွက်ခွာနေကြ

အလုပ်အကိုင်ရှားပါးမှုကြောင့် အဖမ်းအဆီးများကြားမှ မွတ်ဆလင်များ ရခိုင်ပြည်ပြင်ပသို့ နည်းလမ်းမျိုးစုံဖြင့်ထွက်ခွာနေကြ

ရခိုင်ပြည်အတွင်းနေထိုင်သည့် မွတ်လဆင်များမှာ အလုပ်အကိုင်ရှာဖွေရန် ပြည်မနှင့် ပြည်ပနိုင်ငံသို့ထွက်ခွာရာတွင် ဖမ်းဆီးခံရမှုနှင့်ကြုံတွေ့ရသော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ပြီး နည်းမျိုးစုံနှင့်သွားနေကြဆဲဖြစ်သည်။

စက်တင်ဘာလ ၄ ရက်နေ့က ပြည်ပနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်ထွက်ခွာသည့် မွတ်ဆလင် ၁၇ ဦးမှာ ဂွမြို့နယ်၊ လျှာ်ဖြူတောင်တံတားအနီး ဖမ်းဆီးခံခဲ့ရကာ စက်တင်ဘာလ ၂ ရက်နေ့ကလည်း ရန်ကုန်သို့သွားသည့် မွတ်ဆလင် ၁၉ ဦးမှာ ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီးမှာ ဖမ်းဆီးခံခဲ့ရသည်။

ယင်းအပြင် ပြီးခဲ့သည့်သြဂုတ်လ ၂၆ ရက်နေ့တွင် ရခိုင်မှ ရန်ကုန်သို့ထွက်ခွာကြသော မွတ်ဆလင် ၁၁ ဦးမှာ သံတွဲမြို့နယ်တွင် ဖမ်းဆီးခံရပြီး သြဂုတ်လတစ်လအတွင်း ဖမ်းဆီးခံရသည့် မွတ်ဆလင် စုစုပေါင်း ၇၅ ဦးအထိ ရှိခဲ့သည်။

မွတ်ဆလင်များသည် စားဝတ်နေရေးခက်ခဲမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနှင့် သွားလာခွင့် ကန့်သတ်ခံရမှုတို့ကြောင့် ယခုကဲ့သို့ ထွက်ခွာကြခြင်းဖြစ်သည်ဟု စစ်တွေမြို့နယ် သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်ခေါင်းဆောင်တစ်ဦးကပြောသည်။

“အခြေအနေအရလည်း ဒီမှာနေလို့မှ အဆင်မပြေတာ။ ပုံမှန်နေထိုင်ကြသူတွေဆိုလည်း မြို့နယ်တစ်မြို့နယ်ထဲ မိုင်လေးငါးဆယ့်ကိုးမိုင်လောက်သာရှိတဲ့အထဲမှာ ဘောင်ခတ်ပြီးနေထိုင်နေရတယ်။ ဒုက္ခသည်ဆိုရင်လည်း ဒီလိုပါပဲ။ နောက်တစ်ခုက ဒီမှာအလုပ်မရှိ ဝင်ငွေလည်းမရှိတော့ မိသားစုတွေအဆင်ပြေဖို့အတွက်သွားကြတယ်”ဟု အဆိုပါမွတ်ဆလင်ခေါင်းဆောင်ကပြောသည်။

ရခိုင်ပြည်အတွင်းမှ မွတ်ဆလင်များမှာ တစ်မြို့နယ်နှင့်တစ်မြို့နယ် ခရီးသွားလိုလျှင်လည်း အာဏာပိုင်များ၏ခွင့်ပြုချက်ရရှိမှ သွားလာကြရသည်။

ထိုသို့ကန့်သတ်ခံရသည့် အခြေအနေများကြောင့် စားဝတ်နေရေးအဆင်ပြေစေရန် မွတ်ဆလင်များမှာ ရန်ကုန်နှင့် ပြည်ပနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းများမှ ခိုးထွက်မှုများရှိလာခြင်းဖြစ်ကြောင်း ရခိုင်ပြည်အတွင်းနေထိုင်သည့် မွတ်ဆလင်များကပြောသည်။

မွတ်ဆလင်များသည် ပြည်မနှင့် ပြည်ပနိုင်ငံများသို့ထွက်ခွာရန် ပွဲစားများနှင့်ချိတ်ဆက်ကာ ကုန်းလမ်း၊ ရေလမ်းတို့မှ တရားမဝင်သွားလာနေကြသည်ဟု မွတ်ဆလင်များကဆိုသည်။

ပြည်ပထွက်ခွာလိုသည့် မွတ်ဆလင်တစ်ဦးလျှင် ယခင်က အနည်းဆုံး ငွေကျပ်သိန်း ၆၀ မှ သိန်း ၈၀ အထိပေးရပြီး လက်ရှိတွင် သိန်းရာနှင့်ချီပေးရကြောင်းလည်း စုံစမ်းသိရှိရသည်။

တရားမဝင်ခိုးထွက်ကြသော မွတ်ဆလင်များမှာ အာဏာပိုင်များ၏ ဖမ်းဆီးမှုများနှင့် မကြာခဏကြုံတွေ့ရပြီး ပွဲစားထံပေးထားသည့် ငွေကြေးများလည်း ဆုံးရှုံးကြရသည်။ ထို့အပြင် ဖမ်းဆီးခံရသူများမှာ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည့် လဝကဥပဒေပုဒ်မ- ၁၃ နှင့် တရားစွဲဆိုခံရကြရသည်။

ယင်းသို့ တရားမဝင်လမ်းကြောင်းမှ ပြည်ပသို့ပို့ဆောင်ပေးနေသည့် ပွဲစားများကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ရန်လိုအပ်သည်ဟု မောင်တောမြို့နယ်မှ လုံခြုံရေးအရအမည်မဖော်လိုသည့် မွတ်ဆလင် အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

“အမှန်က အဲဒီလမ်းကြောင်းအတိုင်းသွားတာ မကောင်းဘူး။ အဓိက လူပွဲစားတွေစည်းရုံးပြီးတော့ လမ်းကြောင်းကျပ်နေချိန်မှာ သွားကြတယ်။ လူပွဲစားတွေ ပိုက်ဆံရဖို့အတွက်ဖြစ်သွားတယ်။ လူပွဲစားတွေက ပိုက်ဆံရသွားတယ်။ ကာယကံရှင်တွေက အဖမ်းခံရတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်းနေထိုင်သည့် မွတ်ဆလင်များမှာ ရန်ကုန်၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ အဓိကထွက်ခွာကြပြီး ယင်းအထဲတွင် အမျိုးသားများအပြင် အမျိုးသမီးများနှင့် ကလေးငယ်များလည်းပါဝင်နေသည်ကို ဖမ်းဆီးခံရစဉ်ထွက်ပေါ်လာသည့် ဓာတ်ပုံများတွင် တွေ့ရသည်။

ရခိုင်ပြည်အတွင်းက မွတ်ဆလင်များသည် ယခင်ထက်ကောင်းမွန်းသော အနေအထားတစ်ရပ်သို့ ရောက်လာနေပြီဖြစ်သဖြင့် ယခုကဲ့သို့ မိုက်ရူးရဲဆန်သည့်အရာတို့ကို ထပ်မံမလုပ်ကြရန် မွတ်ဆလင်တစ်ဦးဖြစ်သည့် ဘာသာပြန်စာရေးဆရာ ဦးအောင်ခင်ကတိုက်တွန်းသည်။

“၂၀၁၉ မတိုင်မီကလို အနေအထားတစ်ရပ်ဆိုရင် တစ်မျိုးပေါ့။ အဲဒီအချိန်တုန်းကဆိုရင် ရခိုင်ရွာတွေကို သွားလို့မရဘူးပေါ့။ အခုဆိုရင် ဘုမေတို့၊ သဲချောင်းတို့က မွတ်ဆလင်တွေဟာ မင်းဂံထဲမှာလာလို့ ဝါးထရံအလုပ်၊ ဈေးရောင်းဈေးဝယ်ကအစ လုပ်ကိုင်စားသောက်လို့ရလာကြတယ်”ဟု ဦးအောင်ခင်ကပြောသည်။

ရခိုင်ပြည်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နောက်ပိုင်း တိုက်ပွဲရပ်တန့်ချိန်မှစ၍ မွတ်ဆလင်နှင့် ရခိုင် အသိုင်းအဝိုင်းကြား ဆက်ဆံရေးကောင်းမွန်လာစေရန် လုပ်ဆောင်လာခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ပဋိပက္ခကြောင့် မွတ်ဆလင်နှင့် ရခိုင်တို့ကြား ဆက်ဆံရေးတင်းမာခဲ့သော်လည်း လက်ရှိအချိန်တွင် အသိုင်းအဝိုင်းနှစ်ခုကြား ဆက်ဆံရေးကောင်းမွန်လာခဲ့သည်။

၂၀၁၇ ခုနှစ်က မောင်တောမှ နယ်ခြားစောင့်ရဲစခန်းများတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် အဆိုပါဒေသမှ မွတ်ဆလင် ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးခိုလှုံလျက်ရှိကြသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...