ကျောက်ဖြူဒေသခံသုံးဦးကို မြန်မာစစ်တပ်က ထပ်မံဖမ်းဆီး

ကျောက်ဖြူဒေသခံသုံးဦးကို မြန်မာစစ်တပ်က ထပ်မံဖမ်းဆီး
မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးကို စစ်တွေမြို့တွင် တွေ့ရစဉ်။
မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးကို စစ်တွေမြို့တွင် တွေ့ရစဉ်။

အဖမ်းအဆီးကြမ်းနေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင်  ဒေသခံသုံးဦးကို မြန်မာစစ်တပ်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။  

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ ကုလာဘာတောင်ရပ်ကွက် မှ ကိုဝင်းအောင်၊ ဦးတင်ညွှန့်နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးစိုးဝင်းနိုင်တို့ဖြစ်သည်။ ဦးဝင်းအောင်အား မြန်မာစစ်တပ် တပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်မှ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဦးတင်ညွှန့်အား ကျောက်ဖြူလေဆိပ်အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

"ကိုဝင်းအောင်ကိုတော့ နေအိမ်မှာ လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိဘူး။ အခုက ဧည့်စာရင်းစစ်တယ်ဆိုပြီး အဲလိုဖမ်းဆီးတာတွေတော့ ရှိနေတယ်။ ကိုတင်ညွှန့်ကိုတော့ လေဆိပ်အနီးမှာဖမ်းတာပါ”ဟု ကုလဘာတောင်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

ထို့ပြင် ဦးစိုးဝင်းနိုင်ကိုလည်း နေအိမ်အတွင်းသို့ ဧည့်စာရင်းလာရောက်စစ်ဆေးစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သုံးဦးလုံးကို ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း အမ်းမြို့မရဲစခန်းမှ ရဲအုပ်သက်လှိုင်ဆိုသူကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးသွားသည်။

အလားတူ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်၊ အစိုးရရပ်ကွက်မှ ကိုဆလိုင်းကိုအေး (ခ) ကဟိနှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဘသန်းတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။

၎င်းတို့ကို မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကို မသိရှိရသေးပေ။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

လတ်တလောတွင် ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရခိုင်ဒေသတွင်းရှိ ဒေသခံများကို AA နှင့် ဆက်စပ်သည့် သံသယများဖြင့် ဖမ်းဆီးမှုရှိလာကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ- ၅၀၅ (က) ဖြင့် အမှုဖွင့်သည်များလည်းရှိသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...