ဖာပွန်တွင် သြဂုတ်လအတွင်းတိုက်ပွဲကြောင့် ဒေသခံ ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရပြီး နေအိမ်များလည်း ပျက်စီးခဲ့

ဖာပွန်တွင် သြဂုတ်လအတွင်းတိုက်ပွဲကြောင့် ဒေသခံ ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရပြီး နေအိမ်များလည်း ပျက်စီးခဲ့
တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံအချို့ထိခိုက်ခဲ့ပြီး နေအိမ်များပျက်စီးခဲ့စဉ်။(ဓာတ်ပုံ - KNU တပ်မဟာ(၅) မူတြော်ခရိုင်)
တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံအချို့ထိခိုက်ခဲ့ပြီး နေအိမ်များပျက်စီးခဲ့စဉ်။(ဓာတ်ပုံ - KNU တပ်မဟာ(၅) မူတြော်ခရိုင်)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် KNU တပ်မဟာ (၅) နယ်မြေတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေအိမ် ၂၀ ကျော်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဦးသေဆုံးကာ (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်မြို့နယ် နေပူကန်၊ မယ့်ကနော်နှင့် ကျော့ပါးမကွီးခိုးကျေးရွာများမှ နေအိမ် (၂၄) လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများ သဆုံးဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ (၅) မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“အရင်လအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတဲ့အတွက် ဖာပွန်အနီးကကျေးရွာသုံးရွာမှာ နေအိမ်တွေမီးလောင်ပျက်စီးခဲ့တယ်။ အဲဒီကျေးရွာတွေထဲက ရွာသားတချို့ ထိခိုက်တာတွေရှိခဲ့တယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ဖာပွန်မြို့နယ်အခြေစိုက် အမှတ် (၁၀၁၄) ရှိ နယ်ခြားစောင့်တပ် (BGF) နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်လည်း ဒွယ်လိုမြို့၊ မထော်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။

“BGF အဖွဲ့နဲ့ စစ်ကောင်စီပူးပေါင်းတဲ့အဖွဲ့တွေ လက်နက်ကြီးနဲ့ပစ်တာ မထော်ရွာက ၉ နှစ်အရွယ်ကလေးငယ်ကို ထိမှန်တယ်။ ဒဏ်ရာပြင်းထန်တယ်။ နောက် အသက်ကြီးပိုင်းတစ်ဦးက ဒဏ်ရာပြင်းပြီးသေတယ်”ဟု  KNU သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့နှင့် KNU ပူးပေါင်း အဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၁၁၈) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၈၄) ဦးသေဆုံးကာ (၄၇) ဦး ထိခိုက် ခဲ့ကာ KNLA ပူးပေါင်းအဖွဲ့မှ တစ်ဦးသေဆုံးခဲ့ကြောင်း ကေအန်ယူတပ်မဟာ (၅) က စက်တင်ဘာ ၅ ရက်က သတင်းထုတ်ပြန်ထားသည်။

KNU တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုမှုများမရှိသေးဘဲ DMG မှ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ထိုသို့ နှစ်ဖက်တိုက်ပွဲများကြောင့် သထုံ-ဖာပွန်-ကမမောင်း ကားလမ်းကို ပြီးခဲ့သည့်ဇူလိုင်မှစ၍ စစ်ကောင်စီက အသွားအလာကန့်သတ်ထားပြီး စစ်ဆေးမှုများတင်းကြပ်ထားကြောင်း ဖာပွန်မြို့ခံများကပြောသည်။

“သထုံ-ဖာပွန်-ကမမောင်းလမ်းကို အသွားအလာကန့်သတ်ထားတယ်။ မေလတုန်းကလည်း တစ်ခါပိတ်တယ်။ ဇွန်လကျတော့ ပြန်ဖွင့်တယ်။ နောက်ဇူလိုင်ကစပြီး အခုထိ အသွားအလာကန့်သတ်လိုက်တယ်။ စစ်တပ်နဲ့ BGF အဖွဲ့ပေါင်းပြီး စစ်နေတာ။ အဲဒီလို စစ်ဆေးတဲ့အတွက် KNU ဘက်နဲ့ နှစ်ဖက်စစ်ရေး တင်းမာနေတယ်။ တိုက်ပွဲတွေ ခဏခဏဖြစ်နေတာ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဖာပွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်သား အင်အား ၅၀၀ ကျော်ဖြည့်တင်းကာ စစ်ကြောင်းထိုးနေမှုကြောင့် KNLA ပူးပေါင်းအဖွဲနှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိနေသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...