ရခိုင်က ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်နှင့်လက်တွဲကာ လုံခြုံရေးကိစ္စများဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားထား

ရခိုင်က ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်နှင့်လက်တွဲကာ လုံခြုံရေးကိစ္စများဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားထား
ရခိုင်ပြည်နယ်အတွင်းက ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
ရခိုင်ပြည်နယ်အတွင်းက ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

ရခိုင်ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်နှင့်ပူးပေါင်းပြီး လုံခြုံရေးကိစ္စရပ်များကို ဆက်လက်ဆောက်ရွက်ရမည်ဟု စစ်ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ညွှန်ကြားထားကြောင်း ယနေ့ (စက်တင်ဘာလ ၇ ရက်) ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ မောင်တောဒေသများသို့သွားရောက်ခဲ့ပြီး ဒေသအတွင်းမှ ရဲတပ်ဖွဲ့ဝင်၊ ရဲမိသားစုများနှင့်တွေ့ဆုံရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရဲတပ်ဖွဲ့မှကျင့်သုံးနေသည့် ရဲကျင့်ဝတ်အပါး (၇၀) အား တပ်ဖွဲ့ဝင်အားလုံး သိရှိလိုက်နာပြီး အစဉ်အလာ (၁၂) ရပ်တွင်ပါရှိသည့် လုံခြုံရေးကိစ္စရပ်များအား နောင်တော် တပ်မတော်နှင့်လက်တွဲကာ ယခုကဲ့သို့ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရမည်”ဟု မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့် နယ်စပ်ဒေသစခန်းအား ရက်အတန်ကြာပိတ်ဆို့ကာ သာလွန်အင်အားအများအပြားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် (ငါမသေ ငါ့ စခန်းမကျစေရ) ဆိုသည့် ခိုင်မာသောသန္နိဌာန်စိတ်ဖြင့် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြရသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးကျုးကြောင်း ၎င်းသတင်းစာတွင်ဖော်ပြသည်။

မြန်မာစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၏ ပင်မတာဝန်မှာ တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ဆောင်ရမည်ဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း ရခိုင်တွင် နယ်ခြားစောင့်ရဲစခန်းများ သိမ်းပိုက်ခံထားရသည့်အတွက် ယခုလိုညွှန်ကြားခြင်းဖြစ်မည်ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ခန့်မှန်းသည်။

“ရဲတပ်ဖွဲ့ဆိုတာ မြန်မာစစ်တပ်ရဲ့ ဒုတိယအရံအင်အားဖြစ်တဲ့အတွက် အခုလိုနယ်ခြားစောင့်ရဲစခန်းတွေ အတိုက်ခံထားရတဲ့အတွက် တညီတညွတ်တည်းတာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားတာထင်တယ်။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ တိုက်ပွဲဆက်ဖြစ်ဖို့၊ မဖြစ်ဆိုတာကတော့ စစ်ကောင်စီခေါင်းဆောင်အပေါ်မှာ မူတည်တယ်”ဟု ဦးဖေသန်းကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ် (၄၀) အနီးမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့သည်။ ယင်းတိုက်ပွဲအတွင်း နယ်ခြားစောင့် (၁၉) ဦး ကျဆုံးကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း AA က ထုတ်ပြန်ခဲ့ သည်။

AA ကသိမ်းပိုက်ထားသည့် မိုင်တိုင်အမှတ် (၄၀) အနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း စက်တင်ဘာလ ၂ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် အဆိုပါဒေသတဝိုက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီးများအသုံးပြုကာ တိုက်ခိုက်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်သို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလပထမအပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်အတွင်းတွင် စစ်တပ်နှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်အတူ မောင်တော၊ ပလက်ဝ၊ ရသေ့တောင်၊ မြောက်ဦး စသည့်ဒေသများတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...