ကရင်နီဒေသတွင် သြဂုတ်လအတွင်း တိုက်ပွဲ (၄၆) ကြိမ်ဖြစ်ပွား၊ ဒေသခံ (၅) ဦးသေဆုံး

ကရင်နီဒေသတွင် သြဂုတ်လအတွင်း တိုက်ပွဲ (၄၆) ကြိမ်ဖြစ်ပွား၊ ဒေသခံ (၅) ဦးသေဆုံး
ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ကယား (ကရင်နီ) ပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေး တပ် (KNDF) ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၄၆) ကြိမ်ဖြစ်ပွားခဲ့ကာ ဒေသခံ (၅) ဦး ထိခိုက်သေဆုံးခဲ့ပြီး ဆေးခန်းနှင့် လူနေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း စက်တင်ဘာ ၁ နေ့တွင် KNDF မှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၃၀ ရက်နေ့ထိ စစ်ကောင်စီအင်အား (၆၀၀) ကျော်မှာ ဖရူဆို၊ လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း KNDF ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု (၈) ကြိမ်ရှိခဲ့ကာ ဒီမော့ဆိုမြို့နယ်ရှိ ထူလွှီးဘီလာကျေးရွာမှ နေအိမ် (၃) လုံး၊ ဆေးကုခန်းတစ်ခု၊ သေးဆူလဲကျေးရွာတွင် နေအိမ် (၄) လုံးနှင့် ဘုရားစေတီတစ်ဆူပျက်စီးခဲ့ကြောင်း KNDF သတင်းရင်းမြစ်က ပြောသည်။

“စစ်ကောင်စီတပ်အင်အား ၆၀၀ ကျော်က ကရင်နီဒေသ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖယ်ခုံကို အခြေကုပ်နယ်မြေရဖို့ သြဂုတ်လ အတွင်းမှာပဲ စစ်ကြောင်းအလုံးအရင်း ထိုးလာတာ။ သူတို့ စစ်ကြောင်းတက်လာတာကိုတွေ့ပြီး အပြန်အလှန်ပစ်ခတ်ရင်းနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေချိန်မှာ ဂျက်တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာ (၈) ကြိမ်ရှိတယ်။ နေအိမ်အများဆုံးထိခိုက်တာ ဒီမော့ဆိုမြို့နယ်က အများဆုံးဖြစ်ပါတယ်။ စစ်ရှောင်တွေအတွက်ကုသတဲ့ ဆေးပေးခန်းတစ်ခုအပါအဝင် ဘာသာရေးအနေနဲ့ ဘုရားစေတီတစ်ဆူကိုပါ ထိခိုက်ပျက်စီးခဲ့ပါတယ်”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီမောဆိုနှင့် လွိုင်ကော်မြို့နယ်တို့ မှ ဒေသခံ (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၅) ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။

KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးက “လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့သေတာက လူကြီးပိုင်းတွေများတယ်။ ကလေးတွေဆို အသက် ၄ နှစ်အရွယ် ဝန်းကျင်တွေပါလာတယ်။ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ယာယီစစ်ရှောင်ဆေးခန်းတွေကိုပို့ထားပြီး ကုသပေးနေပါတယ်”ဟု ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် အင်အားများစွာဖြင့် ကရင်နီ ဒေသအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲကားလမ်းမကို KNDF ပူးပေါင်းအဖွဲ့မှ အသွားအလာကန့်သတ်ထားပြီး ဒေသခံများအနေဖြင့် လုံခြုံသည့်နေရာသို့ပြောင်းရွှေ့နေထိုင်ကြရန် ဒေသခံကာကွယ်ရေးအဖွဲ့များက အသိပေးထားသည်။

လွိုင်ကော်ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီ တပ်က သာလွန်အင်အားတွေနဲ့ ကရင်နီဒေသကို စစ်ကြောင်း ထိုးလာတဲ့အတွက် ကားလမ်းမတွေကို အသွားအလာကန့်သတ်ထားပါတယ်။ ဒေသခံတွေကိုလည်း လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ကြဖို့ အသိပေးထားတာရှိပါတယ်”ဟု ပြောသည်။

ကယား (ကရင်နီ) ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒေသခံ (၁၇၀၀၀၀) ကျော်အထိရှိနေပြီး စစ်ရှောင်စခန်းတချို့တို့၌ စားနပ်ရိက္ခာပြတ်လပ်မှုများ တွေ့ကြုံခံစားနေရကြောင်းလည်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...