ရခိုင်ပြည်သစ် (သို့) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင်အခြေခံရမည့်မူနှင့် အကြံပြုချက်များအား ANPCC က ထုတ်ပြန်

ရခိုင်ပြည်သစ် (သို့) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင်အခြေခံရမည့်မူနှင့် အကြံပြုချက်များအား ANPCC က ထုတ်ပြန်

ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသားလုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များအား ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) က ထုတ်ပြန်လိုက်သည်။

စာမျက်နှာ ၃၅ မျက်နှာပါဝင်သည့် အဆိုပါအကြံပြုချက်များကို ANPCC ၏ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ (၃) ရက်တိုင်တိုင် Zoom meeting ဖြင့်ပြုလုပ်ခဲ့သော “လူသားလုံခြုံရေး အခြေခံမူများနှင့် အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”အပြီး သြဂုတ်လ (၂၆) ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ANPCC မှ မူဝါဒရေးရာပဲ့ကိုင်ကော်မတီဝင် ဒေါ်မညိုအေးက “ဒီလူအဖွဲ့အစည်းမှာ နေထိုင်ကြတဲ့လူတွေဟာ အခုထုတ်ပြန်ထားချက်တွေထဲက ကိုယ်တို့ကြိုက်တဲ့မူတွေကို ယူသုံးလို့ရတယ်။ ဖြည့်စွက်ချင်ရင်လည်း ဖြည့်စွက်ဖို့အကြောင်းကို စာနဲ့ပေနဲ့ ပြောလို့ရတယ်။ အချက်အလက်အကောင်းလေးတွေကို ယူသုံးဖို့ဆိုရင်လည်း သုံးလို့ရအောင်ပေါ့လေအဲလိုမျိုး ထုတ်ပြန်လိုက်တာပါ။ ဒီအချက်တွေ အသုံးဝင်ဖို့၊ မဝင်ဖို့ဆိုတာထက်၊ အသုံးပြုဖို့၊ မပြုဖို့၊ အသုံးပြုခြင်း၊ မပြုခြင်းဆိုတာထက် ဘယ်မှာသွားပြီး မူတည်မလဲဆိုရင်တော့ ကိုယ်တို့ ရခိုင်ပြည်မှာတော့ ဒီလိုမူကြမ်းလေးတစ်ခုရှိနေတယ်ဆိုတာကို လူတွေသိစေချင်ပါတယ်။ အဲဒီသဘောပါ”ဟု နိရဥ္စရာကိုပြောသည်။

အဆိုပါအကြံပြုချက်များကို ANPCC အဖွဲ့ဝင်များကို ကိုယ်စားပြုသော ရခိုင်တော်လှန်ရေးပါတီ (၂) ဖွဲ့ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (ALA/(ALP) နှင့် ရက္ခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA) ၊ ရခိုင်နိုင်ငံရေးပါတီ (၃) ဖွဲ့ဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) ၊ ဌာနေတိုင်းရင်းသား နိုင်ငံရေးပါတီ (၃) ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများမှ တရားဝင် ကိုယ်စားလှယ် (၁၈) ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် (၃) ဦး၊ စုစုပေါင်း (၃၂) ဦးတို့က တညီတညွတ်တည်းဆုံးဖြတ်ကာ ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း ANPCC က ဆိုထားသည်။

ANPCC မှ မူဝါဒရေးရာပဲ့ကိုင်ကော်မတီဝင် ဒေါ်မညိုအေးက “လူမျိုးတိုင်း လူမျိုးတိုင်းမှာ အခြေခံမူလေးတွေ ချပြီး ရှိကြတယ်ပေါ့လေ။ ဥပမာ ကရင်တို့မှာဆိုရင်လည်း ဒီလိုမူတွေထွက်ပြီလေ။ တခြားသောနေရာတွေမှာလည်း ထွက်ကြတယ်ဆိုတော့ ကိုယ်တို့ ရခိုင်ပြည်မှာလည်း အဖွဲ့အစည်းပေါင်းစုံနဲ့ ဒီလိုမူလေးတစ်ခုထုတ်ထားတယ်ဆိုတော့ ဒီမူကို ဘယ်သူပဲ သုံးသုံးပေါ့။ အဲလိုသဘောမျိုးနဲ့ ဘယ်အဖွဲ့အစည်းပဲ တက်လာလာကိုယ်တို့ ကြိုက်နှစ်သက်ရာကို ယူသုံးလို့ရတယ်”ဟု ပြောသည်။

အဆိုပါအကြံပြုချက်များတွင် နိုင်ငံရေးဆိုင်ရာ လုံခြုံရေးခေါင်းစဉ်အောက်၌ ရခိုင်ပြည်တွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာအစိုးရနှင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ဖမ်းဆီးမှုများနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရေးသားထားသည်။

အလားတူ ပုဂ္ဂလိက လုံခြုံရေးခေါင်းစဉ်အောက်တွင် တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သော တရားစီရင်ရေး၊ အမျိုးသမီးများအပေါ် ကျူးလွန်သောပြစ်မှုများ၊ မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစသည့်ကဏ္ဍများကို ရေးသား ဖော်ပြထားသည်။

ရပ်ရွာလူမှုအသိုင်းအဝိုင်းလုံခြုံရေးခေါင်းစဉ်အောက်တွင် စစ်ဘေးရှောင်/ပြည်တွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများကဏ္ဍ၊ နိုင်ငံသား (သို့) မဟုတ် တိုင်းရင်းသားသတ်မှတ်မခံရသည့် မူဆလင်ဒုက္ခသည်များကဏ္ဍ၊ ဌာနနေတိုင်းရင်းသား/ရခိုင်မျိုးနွယ်စုရေးရာကဏ္ဍ၊ ကမန်လူမျိုးစုရေးရာကဏ္ဍ၊ ခမီလူမျိုးစုရေးရာကဏ္ဍ၊ လူမှုအသိုင်းအဝိုင်းတွင်း အကြမ်းဖက်မှု/ပဋိပက္ခစသည့်အကြောင်းများကို ရေးသားထားသည်။

စားနပ်ရိက္ခာ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာလုံခြုံရေး၊ စီးပွားရေးဆိုင်ရာလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေးစသည့်ကဏ္ဍများကိုလည်း ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။

အဆိုပါအကြံပြုချက်များကို မကြာမီ စာအုပ်ထုတ်ဝေဖြန့်ချိသွားမည်ဟုလည်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...