ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကွမ်းအုံချောင်း အထက်တန်း ကျောင်း (ခွဲ) အတွက် လစာထုတ်လာသည့် စာရေးမထံမှ လစာငွေ ကျပ်သိန်း ၃ဝ ကျော် ယနေ့ နေ့လယ်က အလုခံလိုက်ရသည်ဟု သိရသည်။
အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများကိုယ်စား ကျောက်တော်မြို့၊ ရွာမရပ်ကွက်ရှိ ကျောင်းစာရေးမ ဒေါ်မီမီခိုင် (၂၇ နှစ်) က မြို့နယ်ပညာရေးမှူးရုံးမှ ယနေ့ သြဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် လစာထုတ်ပြီး အိန္ဒိယသုံးဘီး (ခေါ်) တုတ်တုတ်ဖြင့် ပြန်လာစဉ် သုံးဘီးပေါ်တွင်လိုက်ပါလာသည့် အခြားအမျိုးသမီးတစ်ဦးက တို့ဆေးတို့ပြီး လစာငွေများကိုလုယက်ခဲ့ကာ သူမအား လမ်းတွင် ချထားခဲ့သည်ဟု သူမအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် ကျောက်တော်မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။
ယင်းသို့လုယက်ခံလိုက်ရမှုကြောင့် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမစုစုပေါင်း ၂၁ ဦး၏ လစာငွေများအားလုံးဖြစ်သည့် ကျပ်သိန်း ၃ဝ နှင့် ၇ သောင်း အပါအဝင် သူမ၏လက်ကိုင်ဖုန်းတို့ပါ လုယက်ခံလိုက်ရသည်ဟုလည်း ဆိုသည်။
“သူက နေအိမ်နားကနေ သုံးဘီးငှားစီးပါတယ်။ ပြီးတော့ ပိုက်ဆံထုတ်တယ်။ ပြီးတော့ ပြန်လာချိန်မှာ တို့ဆေးနဲ့လား၊ ဘာနဲ့လား။ အဲလို အလုခံလိုက်ရတာ။ သူ့ကိုတစ်ခုမှ မေးလို့မရသေးဘူး။ သူက အရက်မူးသမားလိုဖြစ်နေတယ်”ဟု ပြောသည်။
သူမသည် လုယက်ခံရပြီးနောက် သတိကင်းလွတ်ကာ တစ်ဦးတည်း ခြေကျင်လျှောက်လာစဉ် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်း အနီးသို့အရောက်တွင် ဆိုင်ကယ်တစ်စီးဖြင့်တိုက်မိရန်ပြင်မှ သတိဝင်လာကာ လုယက်ခံရသည်ဟု အော်ဟစ်အကူအညီတောင်းခြင်းဖြစ်သည်ဟု သူမကို ကူညီပေးခဲ့သူက ပြောသည်။
ယခုကဲ့သို့ လုယက်ခံလိုက်ရ၍ လစာငွေဆုံးရှုံးသွားသည့်အတွက် စိတ်မကောင်း ဖြစ်ရပြီး နောက်ထပ် ယခုကဲ့သို့ဖြစ်ရပ်မျိုး မဖြစ်စေချင်ဟုလည်း ကွမ်းအုံချောင်းအထက (ခွဲ) ကျောင်းမှ ဆရာတစ်ဦးက နိရဥ္စရာကိုပြောသည်။
“ကျနော်ဆို ၁ သိန်း ၈ သောင်း ၆ ထောင်ရမှာပါ။ ကျနော်တို့ ဝန်ထမ်းတွေ အနေနဲ့လည်း ပြောရမယ်ဆိုရင် လစာလေးနည်းနည်းလေးကို ရမလားလို့ တစ်လလုံးစုထားတာကို ဒီလိုလုသွားတော့ တစ်ကျောင်းလုံးအတွက် စိတ်တော့မကောင်းဘူးလေ”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကွမ်းအုံချောင်းအထက (ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဟိန်းအား ဆက်သွယ်ခဲ့ရာ နောက်မှ ပြန်ဖြေမည်ဟု ပြောသည်။
လက်ရှိတွင် လုယက်ခံလိုက်ရသည့်ကျောင်းစာရေးမဒေါ်မီမီခိုင်သည် စိတ်မူမမှန်ဖြစ်နေသေး၍ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။







