နိုင်ငံ၏ စပါးကျီ ဟု တင်စားကြသည့် ဧရာဝတီတိုင်းအတွင်းရှိ ဆန်စပါးဈေးကွက်များတွင် ဆန်ဈေးစံချိန်တင် မြင့်တက်လျက်ရှိနေကြောင်း ဆန်စပါး ရောင်းဝယ်သူများက ပြောသည်။ သြဂုတ်လ နောက်ဆုံးပတ် အတွင်း၌ မနှောသုခ၊ ရေဆင်း၊ ပခန်း၊ ရွှေသွယ်စသည့် ကောက်ကြမ်း စပါးဈေး တင်း တစ်ရာလျှင် ကျပ် ၁၃ သိန်း၊ ပေါ်ဆန်းရင် အပါအဝင် ပေါ်ဆန်းအုပ်စုဖြစ်သည့် ကောက်ချော စပါးဈေးမှာ တင်း တစ်ရာလျှင် ကျပ် ၂၁ သိန်းအထိ စံချိန်တင် မြင့်တက်လာသည်ဟု ဆန်စပါးရောင်းဝယ်သူများ က ပြောသည်။
“စပါးဈေးရော ဆန်ဈေးရော စံချိန်တင် ဈေးတက်လာတာ စစ်တပ် အာဏာမသိမ်းခင်နှစ်နဲ့ ပြန်ကြည့်ရင် ခေါက်ချိုး နီးနီးတက်သွားတာ” ဟု အသက် ၆၅ နှစ် အရွယ်ခန့်ရှိသည့် ဆန်စပါးရောင်းဝယ်သူ တစ်ဦး က ပြော သည်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းက ကောက်ကြမ်း စပါးဈေး တင်းတစ်ရာလျှင် ၇ သိန်းခွဲအထိ အမြင့်ဆုံး ဖြစ်ခဲ့ပြီး ကောက်ချော စပါးဈေး တင်းတစ်ရာလျှင် ၁၁ သိန်းခွဲကျော် အထိ အမြင့်ဆုံး ဖြစ်ခဲ့သည်ဟု ပုသိမ်မြို့ ဆန်စပါး ကုန်သည်ကြီးများ၏ ပြောပြချက်အရ သိရသည်။
စပါးဈေး မြင့်တက်လာသဖြင့် ဆန်ဈေးများလည်း မြင့်တက်လာကာ ပုသိမ်ဆန်ဈေးကွက်တွင် ဧရာဝတီ ပေါ် ဆန်း တစ်အိတ် ၇၂၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၇၄၄၀၀ ကျပ် ဖြစ်ပြီး ရေဆင်း၊ မနှောသုခ တစ်အိတ် ၄၅၆၀၀ ကျပ်၊ ပခန်း၊ ရွှေသွယ်တစ်အိတ် ၅၀၄၀၀ ကျပ် အထိ မြင့်တက်လာသည်ဟု ဆိုသည်။
“စပါးဈေး ဆန်ဈေးတက်ပေမယ့် လက်လုပ်လက်စား လခစားတွေက လခနဲ့ ဝင်ငွေက တိုးလာတာ မဟုတ်ဘူး လေ။ ပိုကြပ်တည်းလာတာပေါ့။ တစ်နေ့လုပ် တစ်နေ့စား ဘဝသမားတွေဆို ပိုဆိုးတယ်” ဟု ဌာနဆိုင်ရာ ဝန် ထမ်းတစ်ဦးက ပြောသည်။
ဆန်စပါးဈေးမှာ တစ်နေ့ထက် တစ်နေ့မြင့်တက်လာခြင်းကြောင့် ယနေ့ ရောင်းရငွေမှာ နောက်တစ်နေ့ အရင်း အနှီး လုပ်ရန်အတွက်ပင် လုံလောက်မှု မရှိဖြစ်မည်ကို စိုးရိမ်နေရသည်ဟု ဆန်စပါးရောင်းဝယ်သူ အချို့က ပြော ဆိုသည်။
“အခု ဈေးတက်တာ မြန်လွန်းတယ်။ ဈေးနှုန်း မတည်ငြိမ်တော့ ရောင်းရဝယ်ရတာ မကောင်းဘူးပေါ့။ ဆန်ဝင် လု ခံရမှာတောင် ကြောက်နေရတယ်” ဟု ဆန်မျိုးစုံ လက်လီလက္ကား ရောင်းချနေသူ ဒေါ်သိန်းသိန်းအေး က ပြော သည်။
ဒေါ်လာဈေး၊ ရွှေဈေး နှင့် စက်သုံးဆီစျေး အပါအဝင် သွင်းအားစု (ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ) စသည် တို့သည်လည်း ဈေးအဆမတန် မြင့်တက်လာသည့်အပြင် စစ်ကောင်စီက ဆန်ကို ပြည်ပသို့ ၎င်းတို့ ကိုယ်တိုင် ရောင်းချမည့်အစီအစဉ် ပြုလုပ်လာခြင်းတို့ကြောင့် ဆန်စပါးဈေး မြင့်တက်လာရခြင်း ဖြစ်နိုင်သည်ဟု ဧရာဝတီ တိုင်းအတွင်းရှိ ဆန်စပါးကုန်သည်ကြီး အချို့က ပြောဆိုနေကြသည်။







