ရခိုင်တွင် စားသုံးဆီကို သက်သာသည့်ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးနိုင်ရန် စီစဉ်နေ

ရခိုင်တွင် စားသုံးဆီကို သက်သာသည့်ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးနိုင်ရန် စီစဉ်နေ
ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စားအုန်းဆီကို သက်သာဈေးနှုန်းဖြင့် ရောင်းချနေမှုအားတွေ့ရစဉ်။ (Photo- မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း)
ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စားအုန်းဆီကို သက်သာဈေးနှုန်းဖြင့် ရောင်းချနေမှုအားတွေ့ရစဉ်။ (Photo- မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း)

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် စားသုံးဆီကို ဈေးနှုန်းသက်သာစွာဖြင့် လှည့်လည်ရောင်းချပေးနိုင်ရန် စီစဉ်လျှက်ရှိကြောင်း ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ချို့ရှိ မြို့နယ်များတွင် ရောင်းချပေးနေသည့်အတိုင်း စားသုံးဆီကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးရန်အတွက် သက်ဆိုင်ရာသို့တင်ပြထားကြောင်း ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်ထွန်းက DMG သို့ပြောသည်။

“လက်ရှိမှာ ရခိုင်က ကုန်သည်စက်မှုအသင်းကလည်း သက်သာဈေးနှုန်းနဲ့ ရောင်းချပေးနိုင်ဖို့အတွက် ခွဲတမ်းဆီတွေရဖို့ကို တင်ပြထားတာတွေရှိတယ်။ နောက်ပြီး ကုမ္ပဏီတစ်ခုကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ဆီကို တင်ပြလာတာတွေရှိတယ်။ ဒီတော့ သိပ်မကြာခင် ရခိုင်မှာ စားဆီတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးနိုင်လောက်မှာပါ”ဟု ၎င်းကရှင်းပြသည်။

ရောင်းချရာတွင် ကားများဖြင့် နေရာအလိုက် ရောင်းချပေးနိုင်ရန်နှင့် သတ်မှတ်ချက်အတိုင်း ရောင်းချခြင်း ရှိ၊ မရှိကို မိမိတို့အနေဖြင့် စိစစ်ကြီးကြပ်မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

လက်ရှိတွင် စားသုံးဆီကို ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ချို့မှ မြို့နယ်များတွင် ရောင်းချပေးလျှက်ရှိနေပြီး ရခိုင်ပြည်နယ်တွင် ရောင်းချလိုကြောင်း မိမိတို့ထံသို့ တင်ပြတောင်းခံလာပါက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ချိုကပြောသည်။

“သက်ဆိုင်ရာ ပြည်နယ်အစိုးရက လိုအပ်တယ်ဆိုပြီးတောင်းဆိုလာရင် ကျွန်တော်တို့စီစဉ်ပေးသွားမှာပါ။ တင်ပြတောင်းဆိုတာနဲ့ ကျွန်တော်တို့ဘက်ကလည်း စီစဉ်ပေးသွားမှာပါ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) အနေဖြင့် ရန်ကုန်ရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ကို တင်ပြထားကြောင်း အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်ကပြောသည်။

“ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း ကျွန်တော်တို့ ဆီတွေကို သက်သာနှုန်းထားနဲ့ရောင်းချပေးနိုင် ဖို့ စီစဉ်ပေးနိုင်ခဲ့တယ်။ အခုလည်း ထပ်ပြီးကြိုးစားနေပါတယ်။ ရခိုင်ပြည်သူတွေအနေနဲ့ ဆီကို သက်သာဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်”ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် ဆီကုန်သည်များအနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်များမှ စားသုံးဆီများကိုဝယ်ယူနေကြရပြီး ပုံမှန်ထက်ဈေးပိုပေးနေရမှုများရှိကြောင်း ဆီလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

“ဆီတွေကို အဲဒီမှာ အနည်းဆုံး အစိုးရပေါက်ဈေးထက် ဈေးနှစ်ဆလောက်ပေးပြီး ဝယ်ကြ ရတယ်။ ဒါတောင် လိုအပ်တဲ့ဆီကို အမြဲတမ်းဝယ်လို့မရဘူး။ ဘုရင့်နောင်နဲ့ ညောင်ပင်လေးဈေးတွေမှာ မရမကလိုက်ရှာမှ ဆီနည်းနည်းပဲရတာမျိုးတွေရှိတယ်”ဟု စစ်တွေမြို့မှ စားသုံးဆီရောင်းချနေသူ ဦးလှမောင်သိန်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပြည်နယ်စစ်ကောင်စီတို့ပူးပေါင်းပြီး စားအုန်းဆီပိဿာ ၄၀၀၀၀ ကျော်ကို ပြည်မမှဝယ်ယူကာ ဈေးနှုန်းသက်သာစွာရောင်းချပေးမှုများရှိခဲ့သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...