ငွေကြေးအခက်အခဲကြောင့် ဝင်းနှင့်ဇော်ကို မိသားစုဝင်များ ထောင်ဝင်စာ သွားမတွေ့နိုင်ဖြစ်နေ

ငွေကြေးအခက်အခဲကြောင့် ဝင်းနှင့်ဇော်ကို မိသားစုဝင်များ ထောင်ဝင်စာ သွားမတွေ့နိုင်ဖြစ်နေ

ထိုင်းနိုင်ငံတွင် တသက်တကျွန်းပြစ်ဒဏ်ဖြင့် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မီးချောင်းရေသောက်ကျေးရွာမှ ကိုဇော်လင်းနှင့် ကပီချောင်းကျေးရွာမှ ကိုဝင်းဇော်ထွန်းတို့ကို မိသားစုဝင်များမှာ ငွေကြေးအခက်အခဲကြောင့် ထောင်ဝင်စာသွားမတွေ့နိုင်သည်မှာ ၃ နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကို မိသားစုဝင်များမှ သွားတွေ့လိုသော်လည်း ၎င်းတို့၏မိခင်များမှာ နေမကောင်းဖြစ်နေသဖြင့် ငွေကြေးအခက်အခဲရှိနေသည်။

ကိုဝင်းဇော်ထွန်း၏ အစ်ကိုဖြစ်သူ ကိုရဲဇော်ထွန်းက “ကျနော်တို့ နောက်ဆုံးသွားတွေ့ဖြစ်ခဲ့ကြတာက ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်ကပါ။ အခုအမေ့မျက်စိမှာ တိမ်စွဲတဲ့ဝေဒနာဖြစ်နေတော့ ပိုခက်သွားတာပေါ့။ အခု အဲဒီမျက်စိကိုကုသဖို့တောင် ပိုက်ဆံမရှိဘူး။ ကျနော့်ညီဆီကို သွားတွေ့ဖို့ဆိုတာက အလှူငွေတွေရှိမှ၊ ပြီးတော့ လိုက်ပို့ပေးမယ့်သူတွေရှိမှ သွားတွေ့လို့ရမှာပါ”ဟု ပြောသည်။

လက်ရှိတွင် ကိုဝင်းဇော်ထွန်း၏ မိခင်မှာ မျက်စိဝေဒနာ ကုသမှု ခံယူရန်အတွက် ကျောက်ဖြူမြို့တွင် ဆေးကုမှုခံယူနေရကြောင်းလည်း သိရသည်။

အလားတူ ကိုဇော်လင်း၏မိခင်ဖြစ်သူမှာလည်း ခေါင်းကိုက်ခြင်း၊လည်ပင်းအကျိတ်အခဲတို့ဖြစ်နေသည်ဟု ကိုဇော်လင်း၏ အစ်ကိုဖြစ်သူ ကိုဇော်ဝင်းကပြောသည်။

“အမေက အခုဆို စကားတောင် ကောင်းကောင်းမပြောနိုင်တော့ဘူး။ ခေါင်းမူး၊ခေါင်းကိုက်တဲ့ရောဂါအပြင် လည်းပင်းမှာလည်း အကျိတ်အခဲဖြစ်နေတော့ ပိုဆိုးတာပေါ့။ ဒီကြားထဲ သူ့သားကိုပဲ သတိရနေတယ်။ အဲဒီစိတ်နဲ့ပဲ နေမကောင်းဖြစ်နေတယ်ထင်တယ်”ဟု ကိုဇော်ဝင်းကပြောသည်။

မိခင်ဖြစ်သူ နေမကောင်းဖြစ်နေသည့်အတွက် ညီဖြစ်သူ ကိုဇော်လင်းကို အမြန်ဆုံးလွတ်မြောက်စေချင်ပြီဟု ကိုဇော်ဝင်းကပြောသည်။

“ငွေကြေးအခက်အခဲနဲ့ စိတ်ဒုက္ခတွေကြားမှာ အမေ့ခမျှာလည်း ပင်ပန်းနေပြီ။ ကျနော်ကတော့ သောကရောက်နေတဲ့ အမေ့ကိုကြည့်ပြီး ဇော်လင်းကိုရော ဝင်းဇော်ထွန်းကိုပါ အမြန်ပြန်လွှတ်ပေးကြပါလို့ပဲ တောင်းဆိုချင်တယ်”ဟု ကိုဇော်ဝင်းကဆိုသည်။

ကိုဇော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဖြူရွှေနုက “သွားချင်တိုင်း သွားလို့မရဘူး။ ပိုက်ဆံမရှိပါဘူး။ ကျမနေမကောင်းဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင် ကျမသားလေးကို အမြန်ဆုံးလွှတ်ပေးစေချင်တာ”ဟု တောင်းဆိုသည်။

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ (လိပ်ကျွန်း) ၌ ဗြိတိန်သျှနိုင်ငံသား ခရီးသွားစုံတွဲနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းထွန်းတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု စသည်တို့ကိုကျူးလွန်ခဲ့ကြောင်း စွပ်စွဲကာ အမှု ၇ ခုဖြင့် တရားစွဲဆိုပြီး ကော်စမွီတရားရုံးက ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချက်မှတ်ခဲ့သည်။

ယင်းနောက် သေဒဏ်ချခံရမှုအပေါ် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများက ခရိုင်တရားရုံးနှင့် ဗဟိုတရားရုံးတို့တွင် အယူခံအဆင့်ဆင့်တက်ခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးတင်ခဲသည့်အယူခံမှာ ထပ်မံရှုံးနိမ့်ခဲ့သည်။

ဝင်းနှင့်ဇော်တို့နှစ်ဦးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိုင်းဘုရင်၏ လွတ်ငြိမ်းခွင့်ဖြင့် သေဒဏ်မှတစ်ဆင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့သတ်မှတ်ခဲ့ပြီး လက်ရှိ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရခြင်းဖြစ်သည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...