ကျေးရွာလမ်းပေါ်မှာ သတင်းပေး ဆိုသူ တစ်ဦး ပစ်သတ်ခံရ

ကျေးရွာလမ်းပေါ်မှာ သတင်းပေး ဆိုသူ တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ကျေးရွာ လမ်းမပေါ်မှာ စစ်ကောင်စီ သတင်းပေး ကိုနွမ်ဂွါး ဆိုသူ သေနတ်ဖြင့် ပစ်သတ် ခံလိုက်ရသည်ဟု ဒေသခံရွာသားများက ပြောသည်။

ဧကနိကျေးရွာ ကျေးရွာလမ်းမကြီးပေါ်တွင် ကိုနွမ်ဂွါး တစ်ဦးတည်း လမ်းလျှောက်နေစဉ် မျက်နှာချင်းဆိုင်မှ လာသည့် ဆိုင်ကယ် စီးလာသူ နှစ်ဦးက အနားကပ်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည် ဟု သိရသည်။

ဧကနိကျေးရွာက အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “သေနတ်ပစ်သံကတော့ မကြားမိလိုက်ဘူး။ လမ်းမ ပေါ် လဲကျသေဆုံးနေတယ် ကြားလို့ သွားကြည့်တာ။ရင်ဘတ်နဲ့ ဦးခေါင်းမှာ ကျည်ထိပြီး သွေးအိုင်ထဲ လဲနေတာ တွေ့တယ်” ဟု ပြောသည်။ ကိုနွမ်းဂါ သည် သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

သေဆုံးသူ ကိုနွမ်ဂွါးသည် နေအိမ်တွင် ရှိနေသည့်အချိန် နည်းပြီး ကျေးရွာအနှံ့ တနေကုန်သွားလာနေကာ စစ် ကောင်စီတပ်ကို ကျေးရွာထဲမှ သတင်းများ အမြဲပေးပို့လေ့ ရှိခြင်းကြောင့် ဒေသခံ PDF အဖွဲ့များ၊ နီးစပ် ခင်မင် သူ အပေါင်းအသင်း များက အကြိမ်ကြိမ် သတိပေးခံထားရသူ တစ်ဦးလည်း ဖြစ်သည်ဟု ရွာသားများက ပြော သည်။

ထို့အပြင် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပါကလည်း နောက်ကွယ် မှ သတင်းပေးပို့ရုံ သာမကပဲ ဒေသအတွင်းက စစ်အာဏာရှင် ဆန့်ကျင်သူများ၊အဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ကာ တိမ်းရှောင် နေရသူများ၏ နေအိမ်များကိုလည်း ဝင်ရောက်ဖျက်ဆီးကာ အဖိုးတန် ပစ္စည်းများ ယူဆောင်ခြင်းများလည်း လုပ်ဆောင်နေသူတစ်ဦး ဖြစ်သည်ဟု သိရသည်။

ယခု သြဂုတ်လအတွင်း ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ၊ သွေးသောက်အဖွဲ့ဝင်များနှင့် သတင်းပေး “ဒလန်” ဟု နာမည်ကြီးသူများ ဆက်တိုက် ဆိုသလို ပစ်သတ်ခံနေရ သည်ဟု ဒေသခံများက ပြောသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...