အားလုံးပါဝင်သော ဆွေးနွေးမှုတစ်ခုဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု PPST ပြော

အားလုံးပါဝင်သော ဆွေးနွေးမှုတစ်ခုဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု PPST ပြော
Photo - NCA-S EAO
Photo - NCA-S EAO

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် အားလုံးပါဝင်သော ဆွေးနွေးမှုတစ်ခုဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးမှာ တစ်နိုင်ငံလုံးနှင့်လွှမ်းခြုံသက်ဆိုင်သည့်အတွက် ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေးအခင်းအကျင်းတစ်ခုဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်ကပြောသည်။

“လောလောဆယ်ကတော့ အဲဒီအခင်းအကျင်းကို မရောက်နိုင်သေးဘူးဆိုပေမယ့် ရောက်ရှိလာဖို့အတွက် PPST အနေနဲ့ NCA ရဲ့ အနှစ်သာရသုံးချက်အပေါ်မှာရပ်တည်ထားတဲ့ အခြေခံမူအတိုင်းပဲ ကြိုးပမ်းလုပ်ဆောင်သွားမယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်ကပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

အဆိုပါသုံးဖွဲ့နှင့်ဆွေးနွေးပြီးပါက မွန်ပြည်သစ်ပါတီ (NMSP) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့နှင့် ဒုတိယအကြိမ်တွေ့ဆုံသွားမည်ဖြစ်ပြီး မည်သည့်နေ့တွင် တွေ့ဆုံသွားမည်ကို လတ်တလောမသိရှိရသေးကြောင်း PPST မှသိရသည်။

စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့တက်ရောက်ဆွေးနွေးထားကြပြီး အဆိုပါအဖွဲ့များနှင့် ပထမအကြိမ်တွေ့ဆုံမှုပြီးစီး၍ လက်ရှိတွင် ၃ ဖွဲ့တစ်အုပ်စုအလိုက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်သည်။

“အမှန်တကယ် ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရမယ်။ အဲဒီလိုတည်ဆောက်နိုင်မှပဲ ကျွန်တော်တို့ အာမခံချက်ရှိတဲ့ထာဝရငြိမ်းချမ်းရေးကို နောင်လာနောင်သားတွေအတွက် အမွေကောင်းတစ်ခုကိုပေးလို့ရမယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်ကပြောသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူထားသည်မှာ လက်ရှိတွင် ၁ နှစ်နှင့် ၇ လအထိကြာမြင့်လာခဲ့ပြီဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှာ ယနေ့တိုင် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများဆက်လက်ရှိနေဆဲဖြစ်သည်။

အခြားတစ်ဖက်မှာလည်း ဒေသသီးသီး၌ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့များဖွဲ့စည်းကာ စစ်ကောင်စီကို နည်းမျိုးစုံနှင့် တွန်းလှန်တိုက်ခိုက်လျက်ရှိနေကြသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...