ရခိုင် စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်ရိက္ခာပြတ်လပ်နေ

ရခိုင် စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်ရိက္ခာပြတ်လပ်နေ
ကျောက်တော်မြို့နယ် ညောင်ချောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုံစစ်ဘေးရှောင်စခန်းတို့ကိုတွေ့ရစဉ်။ Photo- CJ
ကျောက်တော်မြို့နယ် ညောင်ချောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုံစစ်ဘေးရှောင်စခန်းတို့ကိုတွေ့ရစဉ်။ Photo- CJ

ရခိုင်ပြည်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်ရိက္ခာပြတ်လပ်နေသောကြောင့် စစ်ဘေးရှောင်များ စားသောက်ရေးအခက်အခဲဖြစ်နေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ဆန်ရိက္ခာပြတ်လပ်နေသည့် စစ်ဘေးရှောင်စခန်းများမှာ ကျောက်တော်မြို့နယ်မှ လူဦးရေ ၃၀၀၀ ကျော်ရှိသည့် ညောင်ချောင်းစခန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ လူဦးရေ ၅၅၀ ခန့်ရှိသည့် စက်မှုဇုံစခန်းတို့ဖြစ်ကြသည်။ အဆိုပါစခန်းများတွင် လက်ရှိ ထမင်းနပ်မမှန်သည့် အခြေအနေထိ ဖြစ်နေရကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

“အခြေအနေက အရမ်းကိုဆိုးရွားနေပြီ။ အခုဆို နပ်မမှန်တဲ့ အခြေအနေထိကို ရောက်နေကြပြီ။ ကုန်ဈေးနှုန်းတွေကလည်း ဈေးတက်နေတော့ ဒီအခက်အခဲကိုဖြေရှင်းဖို့က ကျနော်တို့အားနဲ့ ဘယ်လိုမှအဆင်မပြေတော့ဘူး”ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းအေးကပြောသည်။

ထိုသို့ ရိက္ခာပြတ်လပ်ရခြင်းမှာ အစိုးရဘေးစီမံဌာနမှ ပုံမှန်ရိက္ခာထောက်ပံ့မှု ရပ်နားထားသည့်အတွက်ဖြစ်ပြီး လက်ရှိ မိုးရာသီဖြစ်သည့်အတွက် စစ်ဘေးရှောင်များ အပြင်သို့အလုပ်ထွက်လုပ်ရန်လည်း အဆင်မပြေ၍ ပိုမိုဆိုးဝါးနေရသည်ဟု ဦးသန်းအေးကဆက်ပြောသည်။

“ဘေး/စီ/မံဌာနက ဆန်မပေးတာက ၆ လပိုင်းစာအတွက်ကနေစပြီး အခုချိန်ထိမပေးတာဟာ ဆိုရင် ၃ လတောင်ရှိနေပြီ။ အခုက လူတစ်ဦးကို (၁၈၀၀၀)ကျပ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကပေးတဲ့ ထောက်ပံ့ငွေပဲရှိတော့တယ်။ ဒါပေမယ့် ကုန်ဈေးနှုန်းတွေ ဈေးတက်တော့ ဒီငွေ(၁၈၀၀၀)ကို ချွေတာပြီး ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ရင်ဆိုင်နေကြရတယ်”ဟု  ဦးသန်းအေးကရှင်းပြသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုံစစ်ဘေးရှောင်စခန်းတွင်လည်း ဘေး/စီ/မံဌာန၏ ရိက္ခာထောက်ပံ့မှုကို ရပ်နားထားသဖြင့် စစ်ဘေးရှောင်များမှာ စားရေး၊သောက်ရေး အခက်အခဲဖြစ်ပေါ်နေရကာ အငတ်ဘေးနှင့်ကြုံတွေ့ရသည့်အခြေအနေထိ ဖြစ်နေကြောင်း စခန်းတာဝန်ခံ ဦးသန်းဌေးကပြောသည်။

“ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (WFP) ကပေးတဲ့ ငွေ ၁၈၀၀၀ လေးနဲ့ပဲ တစ်လစာကို ချွေတာနေရတာဆိုတော့ ကုန်ဈေးနှုန်းတွေတက်နေတဲ့ ဒီကာလမှာ ဘယ်အဆင်ပြေမလဲဗျာ။ ဘေး/စီ/မံကပေးတဲ့ လစဉ်ထောက်ပံ့ရိက္ခာလေးရရင်တော့ ခံသာတာပေါ့။ အခုက သူတို့ဆီကလဲမရတော့ စစ်ဘေးရှောင်တွေခမျှာ ဒီအငတ်ဘေးကို ကြိတ်မှိတ်ပြီးအောင့်ခံနေရုံပဲရှိတာပေါ့”ဟု ဦးသန်းဌေးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ လူတစ်ဦးကို တစ်လလျှင်ငွေကျပ် (၁၈၀၀၀) စီ ထောက်ပံ့နေသော်လည်း ဘေး/စီ/မံဌာနမှ တစ်နေ့ကိုတစ်ဦးလျှင် နို့ဆီဗူး ၂ ဗူးနှုန်းဖြင့် လစဉ်ထောက်ပံ့ပေးသည့်ဆန်များကို ပြီးခဲ့သည့် ဇန်နဝါရီလကစတင်ကာ ရပ်ဆိုင်းခံခဲ့ရကြောင်းလည်း စခန်းတာဝန်ခံများက ရှင်းပြသည်။

ထိုသို့ ရိက္ခာပြတ်လပ်ခြင်းများမှာ မကြာခဏကြုံတွေ့ခဲ့ရသော်လည်း ယခုအကြိမ်ကြုံတွေ့ရသည့် ရိက္ခာပြတ်လပ်ခြင်းမှာ ကုန်ဈေးနှုန်းတက်သည့် အချိန်ဖြစ်သည်နှင့်အညီ မိုးရာသီလည်းဖြစ်သဖြင့် ယခင်ထက်ပို၍ဆိုးရွားကြောင်း အဆိုပါစခန်းများရှိ စစ်ဘေးရှောင်များက ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုံစခန်းမှ စစ်ဘေးရှောင် ဒေါ်သိန်းမေက “ဒီအခေါက်ရိက္ခာပြတ်တာက ပိုးဆိုးတာပေါ့။ လုံးဝ အငတ်ဘေးဆိုက်တာလေ။ ဒီဒုက္ခတွေကနေ ရှောင်သွားချင်ပေမယ့် လုပ်ကိုင်စားသောက်စရာက စစ်ပွဲထဲမှာပါသွားပြီ။ သွားစရာလာစရာဆိုလို့ အိမ်လည်းမရှိဘူး၊ ရွာလည်းမရှိတော့ဘူး။ သူများပေးစာကမ်းစာတွေကိုအားကိုးပြီး စားသောက်ရင်းနဲ့ပဲ ကျမတို့ဘဝတွေက ဒီလိုပဲနေရတော့မယ်ထင်တယ်”ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသူရိန်ထွန်းကို DMG က ဆက်သွယ်ခဲ့ရာတွင် လက်ခံဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

လက်ရှိတွင် အဆိုပါစခန်းများရှိ စစ်ဘေးရှောင်များမှာ အပြင်မှ အလုပ်လုပ်၍ရရှိခဲ့သည့်ငွေကြေးဖြင့် တစ်နေ့ဝမ်းစာကို ဖြေရှင်းနေရသူများရှိသလို အပြင်အလုပ်မရှိသူများမှာ ဆန်အကြွေးဝယ်ယူစားသောက်နေကြရကာ နပ်မမှန်သည့် အခြေအနေဖြင့် ရုန်းကန်နေကြရသည် ဟုလည်း စစ်ဘေးရှောင်များ၏ပြောဆိုချက်အရ သိရသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ယခင်က စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိခဲ့သော်လည်း တဖြည်းဖြည်းနေရပ်ပြန်သွားမှုများ ရှိခဲ့သည်။

သို့သော်လည်း စစ်ဘေးရှောင်ခြောက်သောင်းခန့်မှာ နယ်မြေလုံခြုံမှုမရှိသေးသဖြင့် အိမ်ပြန်ရန်လုံးဝမဖြစ်နိုင်သေးဘဲ ယနေ့အချိန်ထိ စားဝတ်နေရေးကျပ်တည်းစွာဖြင့် စခန်းအသီးသီးတွင် နေထိုင်ကြရဆဲဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...