ယနေ့တွင် မြောက်ဦးမြို့တည်နှစ် ၅၉၂ နှစ်ပြည့်ပြီ

ယနေ့တွင် မြောက်ဦးမြို့တည်နှစ် ၅၉၂ နှစ်ပြည့်ပြီ
ဓာတ်ပုံ - MYUA
ဓာတ်ပုံ - MYUA

ရခိုင်ရှေးဟောင်းသမိုင်းဝင် မင်းနေပြည်တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့ကို တည်ထောင်ခဲ့သော နှစ်သည် ယနေ့ တော်သလင်းလဆန်း (၁) ရက်နေ့တွင် နှစ်ပေါင်း ၅၉၂ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

မြောက်ဦးမြို့ကို ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် နေ့တွင် ရခိုင်ဘုရင် မင်းစောမွန်က စတင်ထူထောင်ခဲ့သည်။

ယနေ့ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် (၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်) ဆိုလျှင် မြို့တည်နှစ် ၅၉၂ နှစ်ရှိသွားခဲ့ပြီဖြစ်သဖြင့် ယနေ့တွင် မြို့တည်နှစ်အထိမ်းအမှတ် အခမ်းအနားတချို့ကို ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

မြောက်ဦးရှိ မြောက်ဦးလူငယ်များအစည်းအရုံး (MYUA) က ဦးဆောင်ကာ ဆီမီးထွန်းပူဇော်ပွဲကို ယနေ့ သြဂုတ်လ ၂၆ ရက် ညနေ ၆ နာရီတွင် မြောက်ဦးရှိ လေးမျက်နှာပုထိုး၌ပြုလုပ်ကြမည်ဟု MYUA မှ မချစ်မြတ်သူက နိရဥ္စရာသို့ ပြောသည်။

“၅၉၂ နှစ်မြောက်မွေးနေ့အဖြစ် ဒီအတိုင်းလုပ်မှာပါ။ ဆီမီးထွန်းကြမယ်။ နောက်ပြီး ကဗျာလည်း ရွတ်ကြမယ်”ဟု ပြောသည်။

ဆီမီးပူဇော်ရန်အတွက် အတူတူပါဝင်ဆင်နွှဲရန် MYUA က မြို့သူမြို့သားများကို ဖိတ်ခေါ်ထားပြီး သတ်မှတ်ထားသည့်နေရာသို့ မလာရောက်နိုင်သူများအနေဖြင့် နီးစပ်ရာ ဘုရားများတွင် ဆီမီးထွန်း ပူဇော်နိုင်သည်ဟုလည်း ဆိုထားသည်။

ယခုကဲ့သို့ မြောက်ဦးမြို့တည်အထိမ်းအမှတ်အခမ်းအနားကို သတိတရဖြင့် ပူးပေါင်း ပါဝင် ကျင်းပခြင်းသည် အလွန်ဂုဏ်ယူဝမ်းမြောက်စရာကောင်းပြီး မြောက်ဦးကိုတန်ဖိုးထားခြင်းသည် ရခိုင်လူမျိုးကိုတန်ဖိုးထားခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းသုတေသီ ဆရာ သူမြတ် (မဟာအောင်မြေ) က နိရဥ္စရာကိုပြောသည်။

“ကျနော်တို့ရဲ့ အဓိက နောက်ဆုံးမြို့တော်ဖြစ်ခဲ့တဲ့ မင်းနေပြည်တော် မြို့မြောက်ဦးရဲ့ ဘယ်နေရာကိုပင် ရောက်ရောက် ရခိုင်သူ၊ ရခိုင်သား တွေအနေနဲ့ ပူးပေါင်းပါဝင်သင့်ပါတယ်။ နောက်ပြီးတော့ ယူနက်စကို ဝင်ဖို့ကိစ္စမှာလည်း ပူးပေါင်းပါဝင်သင့်တယ်။ ကိုယ်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်တွေကို တန်ဖိုးထားခြင်းတွေ၊ အသိအမှတ် ပြုခြင်းတွေကိုလည်း ဒီထက် အလေးထားပြီးတော့ ထိန်းသိမ်းနိုင်ကြပါစေလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

လာမည့် ၈ နှစ် ခရစ်သက္ကရာဇ် ၂၀၃၀ တွင် ဆိုလျှင် မြောက်ဦးမြို့ကို တည်ခဲ့သည်မှာ နှစ်ပေါင်း ၆ဝဝ ပြည့်မြောက်တော့မည်ဖြစ်ပြီး နှစ် (၆ဝဝ) ပြည့်အထိမ်းအမှတ်အခမ်းအနားပွဲကိုလည်း မြို့သူ မြို့သားများအနေဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပရန် ရည်ရွယ်ထားကြသည်ဟုလည်း သိရသည်။

မြောက်ဦးမင်းနေပြည်တော်သည် ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်း လက်ထက် ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၌ ဗမာဘုရင် ဘိုးတော်ဘုရား၏ ဝင်ရောက်ကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ရခိုင်ဘုရင်နိုင်တော်ကျရှူံးခဲ့ရသည်။

လက်ရှိတွင် မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း (UNESCO) ဝင်နိုင်ရေး အစိုးရက ဆောင်ရွက်လျက်ရှိရာ UNESCO စာရင်းဝင်းနိုင်ရေးအဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကတင်သွင်းခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှ ပညာရှင်များက လာရောက် ကွင်းဆင်း လေ့လာကြတော့မည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...