စစ်တွေတွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို စတင်ဖမ်းဆီးနေ

စစ်တွေတွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို စတင်ဖမ်းဆီးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ (သြဂုတ်လ ၂၅ ရက်) မှစတင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များကို စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ယခုကဲ့သို့ဖမ်းဆီးရာတွင် ပြည်နယ်ရဲတပ်ဖွဲ့ (ယာဉ်ထိန်း) နှင့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) တို့ပူးပေါင်းကာ ပြည်နယ်အစိုးရ၏ညွှန်ကြားချက်ဖြင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူကဆိုသည်။

“အဖွဲ့စုံနဲ့ ကားတွေကိုစစ်ဆေးမယ်။ တကယ်လို့ လိုင်စင်မဲ့ကားဆိုရင်တော့ သက်ဆိုင်ရာတည်ဆဲဥပဒေတွေနဲ့ သက်ဆိုင်ရာဌာနက အရေးယူမှုတွေလုပ်သွားမှာပါ။ လောလောဆယ်တော့ ဒီနေ့မှစတယ်ဆိုတော့ အခြေအနေကတော့ အတိအကျပြောလို့မရသေးဘူး”ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအဆင်မပြေမှုများကို ထောက်ရှု၍ ဖြေလျှော့မှုများလုပ်ဆောင်ထားခဲ့သော်လည်း လက်ရှိတွင် လုပ်ဆောင်ရန် လိုအပ်လာသည့်အတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်ကဆိုသည်။

“မော်တော်ယာဉ်ဥပဒေအရ အများသူငါသွားလာနေတဲ့လမ်းမှာ သွားနေတဲ့ စက်တပ်ယာဉ်တိုင်းက လိုင်စင်ရှိရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖြေလျှော့ထားခဲ့ပေမယ့် အခုအချိန်မှာတော့ ငါတို့ကဖမ်းရလိမ့်မယ်။ ဖမ်းတာမှာ ဘာကန့်သတ်ချက်မှမရှိဘူး။ လမ်းပေါ်ကို လိုင်စင်မဲ့ယာဉ်တွေတက်လာတာနဲ့ ငါတို့ကဖမ်းမှာပဲ”ဟု ၎င်းကပြောသည်။

ထို့အပြင် ယာဉ်မတော်တဆမှုများဖြစ်ပွားရာတွင် မော်တော်ယာဉ်များမှာ လိုင်စင်မရှိသည့်အတွက် လူထုပိုမိုနစ်နာနေရကြောင်းနှင့် ထိုသို့မဖြစ်ပွားစေရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

လက်ရှိ စစ်တွေမြို့တွင်မောင်းနှင်နေသည့် ယာဉ်အချို့မှာ လိုင်စင်မရှိသည့်ယာဉ်များဖြစ်ပြီး အများစုမှာ ဘုန်းတော်ကြီးပိုင်ယာဉ်များနှင့် ဌာနဆိုင်ရာမှပိုင်ဆိုင်ထားသည့် ယာဉ်များဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်တွေမြို့မှ ယာဉ်မောင်းတစ်ဦးကပြောသည်။

“သာမန်လူတွေက လိုင်စင်မဲ့ကားတွေစီးတာနည်းတယ်။ အများဆုံးက ဌာနဆိုင်ရာကလူတွေနဲ့ ဘုန်းကြီးကျောင်းကကားတွေက လိုင်စင်မပါတာများတယ်။ ပြီးတော့ သူတို့က ဒီလိုလိုင်စင်စစ်တဲ့ ရက်တွေဆိုရင် ကားတွေကို အထဲမှာပဲထားကြတယ်။ ဒီလိုစစ်မယ်ဆိုတာကိုလည်း ကျွန်တော်တို့တောင် ကြိုသိနေရတာမျိုးရှိတယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မော်တော်ယာဉ်လိုင်စင်များကို စစ်ဆေးမည်ဆိုပါက ရှောင်တခင်စစ်ဆေးမှုများကို လုပ်ဆောင်သင့်ကြောင်း ၎င်းကထောက်ပြပြောဆိုခဲ့သည်။

ထို့အပြင် တာဝန်ရှိသူများအနေဖြင့် ယခုကဲ့သို့ အရေးယူမှုများကို တိုက်ရိုက်လုပ်ဆောင်ခြင်းထက် အသိပညာပေးမှုများကို ဦးစွာလုပ်ဆောင်သင့်ကြောင်းကိုလည်း စစ်တွေမြိုမှ ဒေသခံအချို့က ထောက်ပြပြောဆိုထားကြသည်။

သြဂုတ်လ ၂၅ ရက်နေ့က အဖွဲ့ပေါင်းစုံဖြင့်ဖမ်းဆီးခဲ့မှုတွင် ပိုင်ရှင်မဲ့မော်တော်ယာဉ်သုံးစီးကို ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...