ရသေ့တောင်နှင့် မောင်တောမှ ဒေသခံတို့ စစ်ဘေးရှောင်ရချိန် စပါးခင်းများပျက်စီးမှုရှိနေ

ရသေ့တောင်နှင့် မောင်တောမှ ဒေသခံတို့ စစ်ဘေးရှောင်ရချိန် စပါးခင်းများပျက်စီးမှုရှိနေ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ ဒေသခံများမှာ စစ်ဘေးရှောင်တိမ်းနေကြရပြီး ၎င်းတို့စိုက်ပျိုးထားခဲ့သည့်စပါးခင်းများမှာ လက်ရှိတွင် ပျက်စီးမှုများရှိလာနေကြောင်း သိရသည်။

လတ်တလောတိုက်ပွဲများကြောင့် ရသေ့တောင်နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာ ၈ ရွာမှ ဒေသခံတို့မှာ စိုက်ပျိုးထားသည့်စပါးခင်းများတွင် ကောက်စိုက်ခြင်း၊ မြက်နှုတ်ခြင်းတို့မပြုလုပ်နိုင်ဘဲ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“ကျနော်တို့ ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင် သုံးရွာ အုပ်စုထဲမှာတောင် စပါးစိုက်ဧက (၄၅၀) လောက်ရှိတယ်။ ဒါတွေကို အကုန်ပစ်ပြီးတော့ ခြေဦးတည့်ရာပြေးခဲ့ကြရတာ။ တချို့က ကျွဲတွေ၊ နွားတွေကို ဒီအတိုင်းလွှတ်ပြီးထားခဲ့ကြရတာဆိုတော့ အခုချိန်ဆို အဲဒီကျွဲ၊ နွားတွေစားလို့ တချို့စပါးခင်းတွေ ဆို ပျက်စီးနေတယ်”ဟု အမည်မဖော်လိုသည့် ချိန်ခါလီကျေးရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဒုံးပိုက်၊ ဆင်ပိုက်၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင် စသည့်ကျေးရွာသားများမှာ ၎င်းတို့၏ စပါးခင်းများကိုစွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အလားတူ တိုက်ပွဲကြောင့်ထွက်ပြေးရသူများထဲတွင် မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျောက်ပန္ဒူ၊ အင်းဒင်၊ အောင်သုခ စသည့်ကျေးရွာတို့မှလည်းပါဝင်သည်။ ၎င်းဒေသခံများမှာ လက်ရှိတွင် ရသေ့တောင်မြို့နယ် မယူကမ်းဒေသရှိ သံချောင်း၊ သရက်ချောင်း၊ အောင်ဆိပ်၊ စေတီပြင် စသည့်ကျေးရွာ ၁၃ ရွာတွင် ခိုလှုံနေကြပြီး လူဦးရေ ၁၅၀၀ ကျော်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

လတ်တလော စစ်ရေးတင်းမာနေမှုကြောင့် စစ်ဘေးရှောင်လာသူများမှာ မည်သည့်အချိန်တွင် နေရပ်ပြန်နိုင်မည်ကိုမသိရသေးသဖြင့် ကျေးရွာတွင်စိုက်ပျိုးထားခဲ့သည့် လယ်ယာများပျက်စီးမည်ကို စိုးရိမ်ပူပန်နေကြသည်။

မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက “ဒီနှစ်မှာဆို မိုးကခေါင်၊ စက်သုံးဆီးဈေးကလည်း မြင့်တက်တော့ လယ်သမားတွေခမျှာ ထွန်ယက်စိုက်ပျိုးခအတွက် ငွေကြေးကို အရင်နှစ်ကထက် ပိုသုံးစွဲပြီးတော့ အပင်ပန်းခံထားရရှာတာ”ဟု ပြောသည်။

ယင်းအပြင် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာတွင်လည်း လယ်ဧက ၂၀၀ ကျော်ကို စပါးစိုက်ပျိုးထားပြီး အဆိုပါလယ်ကွင်းများသို့ ကျွဲ၊ နွားများ ဝင်ရောက်စားသောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်နေရသည်ဟု ကာယကံရှင်များကဆိုသည်။

ဒုံးပိုက်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ကျနော်တို့ရွာမှာတော့ တချို့တဝက်တွေက အရဲစွန့်ပြီးတော့ ရွာကိုပြန်ရောက်တဲ့သူက ရောက်နေကြပြီ။ သူတို့ပြန်ရောက်လို့ လယ်တွေကိုသွားကြည့်တဲ့အခါ စိုက်ပျိုးထားတဲ့စပါးပင်တွေက ကျွဲ၊နွားတွေ ဝင်ရောက်စားသောက်လို့ လေးပုံတစ်ပုံလောက်ပဲကျန်တော့တယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရသေ့တောင်နှင့် မောင်တောဒေသမှ စစ်ဘေးရှောင်တို့မှာ မယူကမ်းဒေသရှိကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်တို့တွင် နေထိုင်နေကြသည်ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသည့် ကိုအောင်းမင်းစိုးကပြောသည်။

“လောလောဆယ်တော့ ရွာ ၁၃ ရွာမှာ ခိုလှုံခွင့်ပေးထားပါတယ်။ တချို့ကဘုန်းကြီးကျောင်း၊ တချို့ကအိမ်တွေမှာပေါ့။ တချို့တွေကြတော့လည်း သူတို့စိုက်ပျိုးထားခဲ့တဲ့ စပါးပင်တွေနဲ့ ကျွဲတွေ၊ နွားတွေကို စိတ်မချလို့ဆိုပြီး အရဲစွန့်ပြီးတော့ သူတို့ရွာကိုပြန်သွားတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် စစ်ရေးတင်းမာနေသေးတော့ သူတို့ခမျှာ ရင်တမမနဲ့သွားရတဲ့သဘောပါပဲ”ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသည့် စားနပ်ရိက္ခာအပါအဝင် အခက်အခဲအကျပ်အတည်းများကို နိုင်ငံတကာနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုများမှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ဝိုင်းဝန်းဖေးမကူညီပေးကြရန် ULA က မေတ္တာရပ်ခံထားသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...