နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် ပလက်ဝမြို့နယ်မှ ထောင်နှင့်ချီသောဒေသခံများ မြို့ပေါ်သို့ခိုလှုံ

နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် ပလက်ဝမြို့နယ်မှ ထောင်နှင့်ချီသောဒေသခံများ မြို့ပေါ်သို့ခိုလှုံ
၂၀၂၀ ပြည့်နှစ်က ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ထွက်ပြေးရောက်ရှိလာကြသည့် စစ်ဘေးရှောင်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ- ခူမီးမီဒီယာ)
၂၀၂၀ ပြည့်နှစ်က ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ထွက်ပြေးရောက်ရှိလာကြသည့် စစ်ဘေးရှောင်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ- ခူမီးမီဒီယာ)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် ဒေသခံ အိမ်ထောင်စု (၂၀၀) ကျော်၊ လူဦးရေတစ်ထောင်ခန့်မှ မြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြကြောင်း သိရသည်။

အဘောင်သားကျေးရွာနှင့် ကြက်ယက်ကိုင်းကျေးရွာအနီး တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားသဖြင့် အသက်အန္တရာယ်စိုးရိမ်ရခြင်း၊ စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် ရဲမဝ၊ အဘောင်သား၊ ကြက်ယက်ကိုင်း၊ နှမဒါ၊ တုံးမဝ စသည့်ကျေးရွာများမှ ဒေသခံတစ်ထောင်ခန့်မှာ ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ပလက်ဝမြို့ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဝင်းက “ဒီလပထမအပတ်လောက်ကတော့ ကြိုကြားကြိုကြား မိသားစုလိုက်လာကြတာတော့ရှိတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်းမှာတော့ အစုလိုက်အပြုံလိုက် အများကြီးထွက်ပြေးလာကြတယ်။ အဘောင်သားရွာကဆိုရင် တစ်ရွာလုံးနီးပါးထွက်ပြေးလာကြတာပါ။ တချို့ဆိုရင်လည်း လမ်းခရီးတွေအခက်အခဲရှိလို့ မလာကြသေးပါဘူး”ဟု ပြောသည်။

လက်ရှိ ပလက်ဝမြို့ပေါ်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များမှာ ဘုန်းကြီးကျောင်းများနှင့် နေအိမ်တချို့တွင် ခိုလှုံနေကြရကြောင်းလည်း သိရှိရသည်။

အဘောင်သားကျေးရွာအတွင်းတွင် လက်နက်ကြီး ၉ လုံးကျရောက်လျက်ရာတွင် ၄ လုံးပေါက်ကွဲသွားသည့်အတွက် နေအိမ်တချို့နှင့် အဆောက်အအုံတချို့ပျက်စီးသွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီး ၅ လုံး ကျန်ရှိနေသေးကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် အဘောင်သားကျေးရွာသားတစ်ဦးက ပြောသည်။

“တိုက်ပွဲတွေဖြစ်နေတဲ့ ရွာကလူတွေအကုန်လုံးနီးပါးလိုလို စစ်ဘေးလာရှောင်နေကြရပြီ။ ပြီးရင် ရွာထဲကိုလက်နက်ကြီး ၉ လုံး ကျတယ်။ ၉ လုံးကျတာမှာ ၄ လုံးပေါက်ကွဲပြီး ကျန်တဲ့အလုံးတွေ မပေါက်ကွဲသေးဘူး။ လက်နက်ကြီးကျတာကြောင့် ရွာကဇရပ်တွေ သူတို့ရဲ့ဘုရားကျောင်းတွေ၊ အိမ်တွေပျက်စီးသွားတယ်။ ဒီတော့ နောက်ထပ်ပေါက်ကွဲလာရင် အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်တယ်။ အဲဒါကြောင့် ကျနော်တို့ပြေးလာကြတာပါ” ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့ပေါ်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် လတ်တလောမှာ နေထိုင်ရေးအဆင်ပြေနေသော်လည်း ရေရှည် နေထိုင်စားသောက်ရန် အခက်အခဲရှိမည်ဖြစ်ကြောင်း ပလက်ဝမြို့မှ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် ဦးဇာနီကပြောသည်။

“ပလက်ဝမှာ စစ်ဘေးရှောင် ၆၀၀၀ လောက်ရှိတယ်။ သူတို့လည်း စားဝတ်နေရေးအဆင်မပြေဘူး။ အခုအသစ်တွေလည်း ထပ်တိုးလာတယ်။ နောက်ထပ်လည်းတိုးလာနိုင်ခြေရှိပါတယ်။ ဆိုတော့ အကုန်လုံးခက်ခဲတွေရှိပါတယ်”ဟု ၎င်းကဆိုသည်။

ယခင်တိုက်ပွဲကာလအတွင်းက စစ်ဘေးတိမ်းရှောင်လာသူများမှာ ပလက်ဝမြို့ပေါ်ရှိ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်း၊ စိုက်ပျိုးရေးကွင်းစစ်ဘေးရှောင်စခန်းနှင့် ဝိသုဒ္ဓါရုံစစ်ဘေးရှောင်စခန်းတို့တွင်ခိုလှုံနေပြီး စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ခန့်ရှိသည်။ ယင်းစစ်ဘေးရှောင်များအတွက် တစ်လလျှင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ဆန်အိတ် ၂၅၀၀ စီ ထောက်ပံ့ပေးသော်လည်း လက်ရှိမှာ ဆန်အိတ် ၁၂၀၀ ကျော်သာရောက်ရှိသေးကြောင်း အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးကဆိုသည်။

“ပုံမှန်ဆိုရင် စစ်ဘေးရှောင်တွေအတွက် တစ်လဆန်အိတ် ၂၅၀၀ လိုတယ်။ အခုတော့ ၁၂၀၀ ကျော်လောက်ပဲရသေးတယ်။ ဒီလတော့ ဆန်၊ ဆီ၊ ပဲတွေကို လျော့ပြီးတော့ပေးရမယ့် အနေထားရှိပါတယ်။ ပုံမှန်ဆိုရင် တစ်လစာအတွက် တစ်ယောက်ကို နို့ဆီဗူး ၅၄ ဗူးစီပေးတယ်။ ဒါပေမဲ့ ဒီလတော့ အသစ်ရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက်ကော ဒီမှာရှိတဲ့စစ်ဘေးရှောင်တွေအတွက်ပါ အဆင်ပြေအောင် လျော့ပြီးတော့ပေးရမှာပါ။ နောက်ထပ်ဆန်အိတ်တွေ ဘယ်အချိန်ရောက်မလဲဆိုတာတော့ မသိသေးဘူး”ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရေကြောင်းလမ်းက ကုန်ပစ္စည်းများသယ်ယူသည့်အခါ ကန့်သတ်ချက်ဖြင့်သာ သယ်ယူခွင့်ရသဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် သြဂုတ် ၂ ရက်နေ့မှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားနေပြီး သြဂုတ် ၁၈ ရက်နေ့မှယနေ့အချိန်ထိ နေ့စဉ်ရက်ဆက်လက်နက်ကြီး၊ လက်နက်ငယ်သံများကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

# R010၊ I-001

ပုံစာ - ၂၀၂၀ ပြည့်နှစ်က ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ထွက်ပြေးရောက်ရှိလာကြသည့် စစ်ဘေးရှောင်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ- ခူမီးမီဒီယာ)

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...