ရခိုင်တွင် အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်နေ

ရခိုင်တွင် အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်နေ

ရခိုင်ပြည်နယ်တွင် အဓိကထားတင်သွင်းရောင်းချနေသည့် အိမ်ဆောက်ပစ္စည်းများမှာ ယခင်ရောင်းဈေးများထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်နေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ ဒေါ်လာဈေးနှုန်းနှင့် ထိုင်းဘတ်ငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်း၊ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ကုန်ပစ္စည်းသယ်ယူရာတွင် နယ်လုံလက်မှတ်ဖြင့်သာ ဖြတ်သန်းသယ်ယူခွင့်ရခြင်းများကြောင့်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းချနေသူများက ပြောဆိုကြသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေက အကုန် oversea က မှာယူရတာ။ အများအားဖြင့် ယိုးဒယားနဲ့ တရုတ်ဘက်ကဝင်တယ်။ အိန္ဒိယဘက်ကဝင်တယ်။ အခုယိုးဒယားဘက်က ဘတ်ငွေကလည်း တောက်လျှောက်ဈေးတက်နေတယ်။ ဘိလပ်မြေတွေက ယိုးဒယားဘက်ကမှာတာဖြစ်တဲ့အတွက် ဘတ်ဈေးတက်ရင် ဘိလပ်မြေဈေးလည်းတက်တယ်။ သံချောင်းတွေဆိုလည်း တရုတ်ကမှာတော့ ဒေါ်လာဈေးတက်ရင် သံချောင်းဈေးတွေလည်းတက်သွားတယ်”ဟု အေးအိမ်ဆောက်ပစ္စည်းဆိုင်မှ စီမံခန့်ခွဲရေးဒါရိုတ်တာ ကိုအေးနိုင်က DMG သို့ပြောသည်။

ဒေါ်လာငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်ဖြင့်သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ၂၁၀၀ ကျပ်ဖြင့်လဲလှယ်ရန် စစ်ကောင်စီမှ သတ်မှတ်ထားသည်။ ပြင်ပဒေါ်လာငွေဈေးကွက်တွင် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၅၀၀ ကျော်အထိ မြင့်တက်လျက်ရှိနေသည်။

အလားတူ ထိုင်းငွေ ၁ ဘတ်ကို မြန်မာကျပ်ငွေ ၅၉ ဒသမ ၀၉ ကျပ်ဖြင့် ယခင်ကသတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် မြန်မာကျပ်ငွေ ၈၃ ဒသမ ၃၃ ကျပ်အထိ မြင့်တက်နေသည်။

အိမ်ဆောက်ပစ္စည်းရောင်းချရမှုအပိုင်းတွင်လည်း ယခင်နှစ်များ ထက် ရောင်းအားကျဆင်းလာနေသဖြင့် နောက်ပိုင်းတွင် တစ်နိုင်တစ်ပိုင်ရောင်းချနေကြသည့် ဆိုင်ပိုင်ရှင်များအနေဖြင့် အရှုံးနှင့်ရင်ဆိုင်ရလာနိုင်ကြောင်း အေးအိမ်ဆောက်ပစ္စည်းဆိုင်မှ စီမံခန့်ခွဲရေးဒါရိုတ်တာ ကိုအေးနိုင်ကဆက်ပြောသည်။

ယခုကဲ့သို့ အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေသောကြောင့် နေအိမ်များဆောက်လုပ်ရာတွင် ကုန်ကျစရိတ်ပိုမိုများပြားနေကြောင်း လက်ရှိနေအိမ်ဆောက်လုပ်နေသည့် ဦးသာထွန်းက DMG သို့ပြောသည်။

“ပစ္စည်းဈေးနှုန်းတွေက တစ်နေ့နဲ့တစ်နေ့ မတူဘူး။ ဒီနေ့ငါးထောင်နဲ့ဝယ်လာတဲ့ပစ္စည်း က နောက်နေ့ထပ်လိုလို့သွားဝယ်ရင် ခြောက်ထောင်၊ ခုနှစ်ထောင်ဖြစ်နေတယ်။ အစက ဒီအိမ်အပြီးအစီးဆောက်ဖို့ အကြမ်းဖျင်းငွေတွက်ထားတာက သိန်း ၄၀၀ လောက်ပေါ့၊ အခုက အဲဒီငွေသိန်း ၄၀၀ နဲ့ အိမ်ရုပ်လုံးပေါ်ပါစေလို့ပဲ ဆုတောင်းနေရတယ်”ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေး၊ စက်သုံးဆီဈေးအပါအဝင် အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်း‌များ တစ်စစမြင့်တက်လာနေမှုကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲများကြုံတွေ့နေကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...