ရခိုင်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းထပ်တိုးချ၊ AAကလည်း ယခင်ကထက် အဆပေါင်းများစွာအင်အားရှိလာ၍ ရခိုင်စစ်ပွဲ ပိုမိုပြင်းထန်လာနိုင်ဟုဆို

ရခိုင်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းထပ်တိုးချ၊ AAကလည်း ယခင်ကထက် အဆပေါင်းများစွာအင်အားရှိလာ၍ ရခိုင်စစ်ပွဲ ပိုမိုပြင်းထန်လာနိုင်ဟုဆို

တကျော့ပြန် စစ်ရေးပြင်းထန်လာသည့် ရခိုင်တွင် မြို့နယ်အများအပြား၌ စစ်ကောင်စီက တပ်အင်အားကို အလုံးအရင်းဖြင့်တိုးချကာ အင်အား ဖြည့်တင်းနေပြီး တစ်ဖက်တွင်လည်း ရက္ခိုင့်တပ်တော်( AA)မှာ ယခင်ကထက် အဆပေါင်းများစွာအင်အားရှိလာ၍ ရခိုင်စစ်ပွဲ မှာ ယခက်ကထက် ပိုမို ပြင်းထန်လာနိုင်သည်ဟု ရခိုင်အရေးလေ့လာသုံးသပ်သူ ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“ စစ်ကောင်စီတပ်က ကမ္ဘာမှာရော၊ ကိုယ့်နိုင်ငံအထဲမှာရော စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်ဖြစ်တယ်။  စစ်ရေး၊ နိုင်ငံရေး အားလုံးအဘက်ဘက်က ကျဆင်းနေတဲ့ အခြေအနေမျိုးမှာ ရခိုင်ပြည်စစ်မျက်နှာကို တိုက်မယ်ဆိုရင်တောင်မှပေါ့လေ၊ သူတို့က ကုန်းတပ်ကို  အရန်အဖြစ်ဘဲထားပြီး ရေတပ်၊ လေတပ်နဲ့ အဝေးပစ် အမြောက်တွေကို အဓိက သုံးလာနိုင်တယ်။  ဗျူဟာကုန်းတွေကနေ အဝေးပစ်အမြောက်တွေနဲ့ လှမ်းပစ်မယ့် အဲ့ဒီ စစ်ရေးဗျူဟာကို ပိုပြီး ကျင့်သုံးနိုင်တယ်။ ကုန်းတပ်၊ ကြေးတပ်ကတော့ အရန်လောက်ပဲ ဖြစ်မယ့် အခြေအနေရှိတယ်။ ဘာလို့ဆိုတစ်နိုင်ငံလုံးမှာ သူတို့ စစ်မျက်နှာ ဖွင့်ထားရတဲ့အတွက် အင်အား မလုံမလောက်ဖြစ်နေတယ်။ ဒါပေမယ့် ULA/AA ကလည်း အရင်ကထက် အဆပေါင်းများစွာ အင်အားရှိလာတဲ့ အခါမှာ ဖြစ်လာမယ့်တိုက်ပွဲကတော့ ယခင်ကထက် ပိုပြင်းထန်လာမယ်လို့ ယူဆရပါတယ်"ဟု ပြောသည်။

စစ်ကောင်စီက ရခိုင်တွင်စစ်တပ်အင်အားတိုးချနေမှုမှာ ရခိုင်ပြည်စစ်မျက်နှာကို ပိုထိန်းနိုင်ရန်အတွက် အားစိုက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ရခိုင်ပြည် စစ်မျက်နာကို စိုးရိမ်နေပုံရသည်ဟု ဆိုသည်။  

" သူတို့ (စစ်ကောင်စီ)က တခြား ဒေသတွေထက် ရခိုင်ပြည်စစ်မျက်နှာကို ပိုပြီး ထိန်းဖို့လိုတယ်လို့ ယူဆပုံရပါတယ်။  PDF လှုပ်ရှားမှုတွေကျတော့ မြို့ပေါ်မှာ ဖြစ်နေတယ်။ သူတို့အနေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တယ်လို့ ယူဆ ပုံရတယ်။ ရခိုင်ပြည်ကျတော့ သူတို့အနေနဲ့ ULA/AA ရဲ့အားသာချက် ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့် ရခိုင်ပြည်အတွက် သူတို့ စိုးရိမ်ပုံရတယ်။ ဒါကြောင့် အခြား နေရာတွေထက် ရခိုင်ပြည်စစ်မျက်နှာကိုတော့ အားနဲ့အင်နဲ့ထိန်းလာမယ့်အခြေအနေရှိပါတယ်” ဟု ဦးဖေသန်းက ပြောဆိုသည်။

လက်ရှိတိုက်ပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စစ်ရေးအခြေအနေမျိုးကို ပြန်ရောက်နိုင်သော်လည်း ယခင်ကထက် ပြင်းထန်ပြီး စစ်ကောင်စီက ယခင်ကကုန်းတပ်ကို အဓိက ထားတိုက်ခိုက်နေရာမှ နောက်လာမည့် တိုက်ပွဲများတွင် ကုန်းတပ်ကို အရန်ထားကာ လေတပ်၊ ရေတပ်နှင့် အဝေးပစ် အမြောက်များကို အဓိကထားသုံးလာနိုင်သည်ဟု ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ဩဂုတ် ၂ ရက်နေ့ကစကာ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက်  စစ်ကောင်စီက အင်အားများ အလုံးအရင်းဖြင့် ဖြည့်တင်းနေခဲ့ရာ  သြဂုတ်  ၁၇ ရက်နေ့ နံနက် (၉) နာရီခန့်က ဘူးသီးတောင်အခြေစိုက် ခလရ (၂၃၄) တပ်ရင်းကို စစ်ရဟတ်ယာဉ်ဖြင့် စစ်တပ်အင်အားဖြည့်တင်းခဲ့ပြီး အမြောက်တပ်ရင်း (၃၇၈) မှ မောင်တောဘက်သို့ စစ်သားအင်အား ၃၀ ခန့်နှင့် လက်နက်ကြီးများ တင်ဆောင်လာသည့် စစ်ကား ၃ စီး ပို့ဆောင်ခဲ့ကြောင်း ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။

"စစ်ရဟတ်ယာဉ်နဲ့ စစ်အင်အားလာချတာတွေ့တယ်။ ပြီးတော့ (၃၇၈) တပ်ကနေလည်း လက်နက်ကြီးတွေ တင်ပြီး စစ်သား ၃၀ လောက် ပါမယ်တစ်စီးမှာ ၃ စီးသွားတာတွေ့တယ်။ မောင်တောဘက်ကို ထွက်သွားတာပါ" ဟု ပြောသည်။

ယင်းအပြင် ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် မြေပုံမြို့ကို ရေတပ် ဇက်သင်္ဘောနှင့် စစ်တပ်အင်အား၁၀၀ ကျော်ပို့ဆောင်ခဲ့ကြောင်း  ဒေသခံများက ပြောသည်။

မျက်မြင်ဒေသခံတစ်ဦးက"မနေ့က ၁၁ နာရီလောက်မှာ ဇက်နဲ့ တပ်သား လာချတာတွေ့ရပါတယ်။ အင်အားက ၁၀၀ ကျော် လောက်ရှိမယ်ထင်တယ်။ ဇက်ကနေတဆင့် စက်လှေတွေနဲ့တင်ကြတာ" ဟု ပြောသည်။

အဆိုပါ ဇက်သင်္ဘောသည် ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်တွေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၄ ရက်နေ့ ထိုင်း - မြန်မာနယ်စပ် ကရင်ပြည် KNU တပ်မဟာ (၅) နယ်မြေတွင် တည်ရှိသည့် AA တပ်စခန်းတစ် ခုကို စစ်ကောင်စီက လေယာဉ် နှစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး AA တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ရကာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ယင်းနောက်ပိုင်းမှစကာ အေအေနှင့် စစ်ကောင်စီ အကြား နှစ်ဖက်ဆက်ဆံရေးပျက်ပြားပြီးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခြင်းဖြစ်သည်။  

ဇူလိုင်လ ၁၉ ရက်နေ့တွင် AA က လက်တုန့်ပြန်သည့် အနေဖြင့် မောင်တော မြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီတက်ဘက်က  အထိနာခဲ့ကာ လက်ရှိ ဖြစ်ပွားခဲ့သည့် ရသေ့တောင် မြို့နယ် ဒုံးပိုက်အနီး မေယုတောင်တိုက်ပွဲ၊ မောင်တောတောင်ပိုင်း ကျောက်ပန္တူတိုက်ပွဲ၊  မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်တိုက်ပွဲနှင့် ပလက်၀မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက် အထိနာအကျဆုံး များခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်(AA) ကလည်း အဆိုပါ တိုက်ပွဲများမှ သိမ်းဆည်းရမိသည့် လက်နက်အများအပြားကို ဓာတ်ပုံနှင့်တကွ လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ရာ စစ်ကောင်စီအတွက် အရှက်ရစရာဖြစ်ခဲ့ပြီးနောက် ပြည်သူများ အသုံးပြုနေသည် ကားလမ်း၊ ရေကြောင်းလမ်းများကို ပိတ်ဆို့ထားလိုက်သဖြင့် အများပြည်သူများမှာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

(ယခုဖော်ပြပါ စစ်ရေယာဉ်မှာ ရခိုင်စစ်မျက်နာတွင် သယ်ယူ ပို့ဆောင်ရေး အတွက် အဓိကအသုံးပြုနေသည့် စကစ၏ဇက်ရေယာဉ်ဖြစ်သည်။)

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...