စစ်ကောင်စီ ညွှန်ကြားချက်ကြောင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ထိခိုက်လာနိုင်

စစ်ကောင်စီ ညွှန်ကြားချက်ကြောင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ထိခိုက်လာနိုင်

မိုဘိုင်း ငွေသွင်းငွေထုတ်လုပ်သူတွေရဲ့ ကိုယ်ရေးအချက်အလက် မှတ်တမ်းရယူကြဖို့ စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားလာတာကြောင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ဆက်လက်ရပ်တည်ရေးအတွက် ထိခိုက်လာနိုင်တယ်လို့ အေးဂျင့်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က Kpay  အပါအဝင် Wave Money မိုဘိုင်း ငွေကြေးဝန်ဆောင်မှု ကိုယ်စားလှယ်တွေအနေနဲ့ ငွေသွင်းငွေထုတ်သူတွေရဲ့ အမည်၊ မှတ်ပုံတင်ရှေ့နောက်ပုံ မိတ္တူ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့တဲ့အကြောင်းအရင်း စတဲ့ အချက်အလက်တွေကို အပြည့်အစုံ ရယူကြဖို့ ဩဂုတ် ၁၅ ရက်နေ့မှာ ညွှန်ကြားလာတာပါ။

ဒါ့အပြင် မိုဘိုင်း ငွေကြေးဝန်ဆောင်မှု ဆိုင်တွေမှာလည်း လျှို့ဝှက်ကင်မရာ (CCTV) တွေ တင်ဆင်ပြီး ငွေသွင်းငွေထုတ်သူတွေရဲ့ ဓာတ်ပုံရိုက်မှတ်တမ်း ရယူထားဖို့ အပါအဝင် လိုက်နာ ဆောင်ရွက်ရမယ့် အချက် ၁၀ ချက်ကို ညွှန်ကြားထားတာပါ။

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုဘိုင်း ငွေသွင်းငွေထုတ်လုပ်သူတွေ နည်းပါးလာနိုင်ပြီး မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ အေးဂျင့်တစ်ဦးက ပြောပါတယ်။

“ KBZ နဲ့ Wave တို့က ဘာမှမပြောသေးဘူး။ လူတွေက မှတ်ပုံတင် မပါလာတဲ့အခါ အလွယ်ပဲ ငွေလွှဲကြတာလေ။ အဲ့တာကို စစ်ကောင်စီက ဟိုဟာ ကန့်သတ် ၊ ဒီဟာ ကန့်သတ်ဆိုရင် ဘဏ်တွေပဲ သွားရတော့မှာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ အခုလို လုပ်ဆောင်ရတာဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးမထောက်ပံ့နိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် အများပြည်သူတွေရဲ့ လုံခြုံရေးကိုယ်ပါ ထိခိုက်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားဆောင်ရွက်ကြဖို့ ပြည်သူတစ်ဦးက တိုက်တွန်းတာပါ။

“ ကိုယ့်ရဲ့ မျက်နှာမမြင်ရအောင် အကာအကွယ်လုပ်ပြီး ကိုယ်လုံခြုံရေးကို ဂရုစိုက်ရမှာပေါ့။ ရှောင်နိုင်သမျှတော့ ရအောင် ရှောင်ရမှာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ဗဟိုဘဏ်က ကိုယ်စားလှယ်နဲ့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု အဆင့်သုံး (Level 3) အကောင့် အသုံးပြုသူတွေအနေနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းတွေမှာ ထောက်ခံစာတွေ ရယူကြဖို့ ညွှန်ကြားထားတာပါ။

ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် ၁၀ ချက်ကို မိုဘိုင်း ငွေကြေးဝန်ဆောင်မှု ကိုယ်စားလှယ်တွေအနေနဲ့ အမြန်ဆုံးလိုက်နာဆောင်ကြဖို့ သတိပေးထားပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ်တွေမှာ ငွေသားထုတ်ယူခွင့် ကန့်သတ်ထားသလို အခုအခါမှာတော့ မိုဘိုင်း ငွေသွင်းငွေထုတ်လုပ်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ ရယူဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...