စစ်ကောင်စီတပ်က ရွာမီးရှို့လို့ ရွာသားတွေ ထွက်ပြေးနေရ

စစ်ကောင်စီတပ်က ရွာမီးရှို့လို့ ရွာသားတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ကျေးရွာ တစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် အတွက် ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံရွာသားများက ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်တပ်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတမျှော်ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

“ဒီနေ့တနေကုန် ရှို့နေတာပဲ၊ ခုညပိုင်းအထိ မီးမငြိမ်းသေးဘူး။ မီးတောက်ကြီးတွေ မြင်နေရတယ်။ စစ်သားတွေ လည်း ရွာထဲရှိနေတော့ ဘယ်သူမှမဝင်ရဲကြဘူး” ဟု အနီးအနားကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

နံနက် ၁၀ နာရီ အချိန်ခန့် စတင်ပြီး ညပိုင်းအထိ ဆက်လက် မီးရှို့နေခြင်းကြောင့် ရွာလုံးကျွတ် မီးလောင်နိုင်ပြီး ဒေသခံရွာသားများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် မီးငြိမ်းသတ် နိုင်ခြင်း မရှိဘူးဟု ဆိုသည်။

စစ်ကောင်စီတပ်က သာလွန် လူအင်အားအသုံးပြုပြီး လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

“အခုညဆို မိုးတွေရွာနေတာ။ ဖုန်းလိုင်းလည်း သိပ်မမိဘူး။ ကျနော်ကိုယ်တိုင်လည်း ပြေးနေရတာ။ စစ်ရှောင် တွေကလည်း မိုးရေထဲ ပြေးနေရတယ်။ လောင်တဲ့ အိမ်အတိအကျလည်း မသိရသေးဘူး” ဟု ငတမျှော် ကျေး ရွာသား ဒေသခံတစ်ဦးက ဩဂုတ်လ ၁၇ ရက်နေ့ ည ၁၀ ခွဲ အချိန်ခန့်တွင် သတင်းနှင့်မီဒီယာကွန်ရက် သတင်း ဌာ နကို ပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ယနေ့ မွန်းလွှဲပိုင်းအချိန်ထိ ငတမျှော်ကျေးရွာအတွင်းက နောက်ဆုံးအခြေအနေများကို သိရှိနိုင်ရေး ရွာသားများကို ထပ်မံဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။

ယခု မီးရှို့ခံနေရသည့် ငတမျှော်ကျေးရွာရှိ နေအိမ်များမှ တစ်အိမ်နှင့် တစ်အိမ်လည်း နီးစွာကပ်ပြီး အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၃၀၀၀ နေထိုင်သည့် ကျေးရွာကြီးတစ်ရွာလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ငတမျှော်ကျေးရွာက ဒေသခံရွာသားများသည် အဓိကအားဖြင့် ကောက်ပဲသီးနှံများကို သိုလှောင်ထားခြင်းကြောင့် မီးကူးလွယ်ပြီး ရွာလုံးကျွတ်ပါ မီးလောင်နိုင်သည့် အခြေအနေများကြောင့် ရွာသားများက စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်က ရေစကြို၊ မြိုင်နှင့် ပေါက် မြို့နယ်တို့ကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးအင်အားစုများ ရှိနိုင်သည်ဟု ယူဆသည့် ကျေးရွာများကို မီးရှို့ခြင်းများ မကြာခဏ လုပ်ဆောင်နေ သည်ဟု ဒေသခံများက ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...