မောင်တောတောင်ပိုင်းမှ မူဆလင်ကျေးရွာ ၄ ရွာ လုံခြုံရေးအကြောင်းပြ၍ စစ်တပ်က ဖြတ်သန်းသွားလာခွင့် တားမြစ်

မောင်တောတောင်ပိုင်းမှ မူဆလင်ကျေးရွာ ၄ ရွာ လုံခြုံရေးအကြောင်းပြ၍ စစ်တပ်က ဖြတ်သန်းသွားလာခွင့် တားမြစ်
ယနေ့ မောင်တောတောင်ပိုင်းမှ ကျေးရွာ ၄ ရွာ အသွားအလာတားမြစ်ခံထားရ၍ လူသွားလူလာနည်းပါးနေသည်ကိုတွေ့ရစဉ်။
ယနေ့ မောင်တောတောင်ပိုင်းမှ ကျေးရွာ ၄ ရွာ အသွားအလာတားမြစ်ခံထားရ၍ လူသွားလူလာနည်းပါးနေသည်ကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းမှ မူဆလင်ကျေးရွာ ၄ ရွာကို လုံခြံုရေးအကြောင်းပြချက်ဖြင့် စစ်တပ်က ယနေ့မှစတင်ကာ ဖြတ်သန်းသွားလာခွင့်ကို တားမြစ်လိုက်သည်ဟု သိရသည်။

ဖြတ်သန်းသွားလာခွင့် တားမြစ်ခံလိုက်ရသည့်ကျေးရွာများမှာ မောင်တောမြို့မှ ၄ မိုင်ခန့်သာဝေးသည့် ပန်းတောပြင်၊ ညောင်ချောင်း၊ ပဒင်းနှင့် ဒုညောင်ပင်ကျေးရွာတို့ဖြစ်သည်။

ယင်းကျေးရွာများမှဒေသခံများကို ယနေ့ သြဂုတ်လ ၁၈ ရက် နံနက်မှစတင်ကာ တစ်ရွာနှင့်တစ်ရွာ ဖြတ်သန်းသွားလာခွင့်နှင့် မြို့ပေါ်သို့ အသွားအလာတို့ကို တားမြစ်လိုက်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီရွာတွေကို လုံခြံုရေးအကြောင်းပြပြီး ဒီနေ့မှ စပိတ်တာပါ။ ကားလမ်းပေါ်ကိုတောင် တက်ခွင့်မပေးဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာဝင်ဝနှင့် လမ်းမများပေါ်တွင် စစ်ဆေးရေးဂိတ်များ အထိုင်ချကာ တားမြစ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မကြာသေးခင်က စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ဝေလာတောင်အနီးနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့သည် ယခုကျေးရွာ ၄ ရွာနှင့် အလွန်တရာဝေးကွာသည်ဟုလည်း ဒေသခံများက ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးက “ကျနော်တို့ဆီမှာ တစ်ခုမှမဖြစ်ဘူး။ ဒါပေမဲ့ ရွာပြင်ကို လုံးဝသွားခွင့်မရှိဘူးလို့ စစ်တပ်အရာရှိတွေက ကျနော်တို့ကို ပြောပါတယ်”ဟု ပြောသည်။

အသွားအလာများကို မည်သည့်အချိန်ထိ ပိတ်ပင်ထားမည်ကို မသိရ၍ ရက်တာရှည်အပိတ်ခံရပါက စားဝတ်နေရေးအတွက် အကျပ်အတည်းများဖြစ်လာမည်ကို စိုးရိမ်မိသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာ ၄ ရွာအနက် ပန်းတောပြင်ရွာတွင် လူဦးရေ ၂၅ဝဝ ဦး၊ ညောင်ချောင်းတွင် ၆ဝဝ ကျော်၊ ပဒင်းတွင် ၃ဝဝ ကျော်နှင့် ဒုညောင်ပင်တွင် ၄ဝဝ ကျော်ရှိသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအနီး ၁ နေရာ၊ မောင်တောမြို့နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ၁ နေရာနှင့် ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ချိန်ခါလိန်ကျေးရွာအကြား မေယုတောင်တန်းတွင် ၁ နေရာ၊ စုစုပေါင်း နေရာ (၃)ခုတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲများဖြစ်ပြီးနောက် သြဂုတ်လ ၁၄ ရက် နံနက်မှစတင်ကာ စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းသို့ ကူးတို့လိုင်းနှင့် အငူမော်မှ မောင်တောသို့သွားသည့်ကားလမ်းတို့ကိုလည်း စစ်တပ်က ယနေ့အထိ ပိတ်ထား၍ ဒေသခံတွင်း ကုန်စည်စီးဆင်းမှုပြတ်တောက်ကာ ကုန်စျေးနှုန်းများ မြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...