ရသေ့တောင် အငူမော်ဆိပ်ကမ်းတွင် ၃ ရက်ကြာ သောင်တင်ပိတ်မိနေသော ဘင်္ဂလားဒေ့ရှ်သို့ပို့မည့်ကုန်ကားများကို သွားလာခွင့် အမြန်ပေးရန် ကုန်သည်များ စာရေးတောင်းဆို

ရသေ့တောင် အငူမော်ဆိပ်ကမ်းတွင် ၃ ရက်ကြာ သောင်တင်ပိတ်မိနေသော ဘင်္ဂလားဒေ့ရှ်သို့ပို့မည့်ကုန်ကားများကို သွားလာခွင့် အမြန်ပေးရန် ကုန်သည်များ စာရေးတောင်းဆို
အငူမော်ဆိပ်ကမ်းအတွင်း သောင်တင်နေရသည့် ကုန်ကားများအား သြဂုတ်လ ၁၄ ရက် နံနက်က တွေ့ရစဉ်။
အငူမော်ဆိပ်ကမ်းအတွင်း သောင်တင်နေရသည့် ကုန်ကားများအား သြဂုတ်လ ၁၄ ရက် နံနက်က တွေ့ရစဉ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ၃ ရက်ကြာ သောင်တင်ပိတ်မိနေသော ဘင်္ဂလားဒေ့ရှ်သို့ပို့မည့်ကုန်ကားများကို သွားလာခွင့်အမြန်ပေးရန် ကုန်သည်များက သက်ဆိုင်ရာဌာနများထံ ယမန်နေ့ က  စာရေးသားတောင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါစာကို မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မောင်တောမြို့ရှိ နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း၊ ပြည်နယ်ကုန်သည်ကြီးများ အသင်းတို့ထံ သြဂုတ်လ ၁၆ ရက် ရက်စွဲဖြင့် ပေးပို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါစာတွင် စစ်တွေ-မောင်တောခရီးစဉ်လမ်းခုလတ် အငူမော်ဆိပ်ကမ်း၌ လုံခြုံရေးအရ ခရီးသွားလာခွင့်ကို ယာယီပိတ်ထားပါ၍ မောင်တောမြို့သို့ မျှောစာပါသတ်မှတ်ရက်အတွင်း မရောက်ရှိနိုင်ဘဲ ပိတ်မိနေခဲ့ပြီး ကုန်ပစ္စည်းများမှာ ပုပ်သိုးလွယ် ငါးစိမ်းများဖြစ်နေပါ၍ အဆိုပါ ငါးသယ်ကားများသယ်ဆောင်လာသည့် ငါးများ မပျက်စီး မဆုံးရှုံးစေရေး အတွက် မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းသို့ အချိန်မီ ရောက်ရှိနိုင်စေရေး ကူညီဆောင်ရွက်ပေးနိုင်ရေး တောင်းဆိုထားသည်ကိုတွေ့ရသည်။

တောင်းဆိုသည့်ကုန်သည်တစ်ဦးက “ကုန်စိမ်းဖြစ်တော့ ဒါက ရန်ကုန်က လာတာ ၄ ရက်လောက်ရှိပြီ။ အဲဒီမှာလည်း ၃၊ ၄ ရက်ဆိုတော့ ၈ ရက်ရှိသွားပြီ။ နောက်တစ်ရက်နှစ်ရက်နေရင် ပုပ်ဖို့ပဲ ကျန်တော့တယ်”ဟု နိရဥ္စရာကို ပြောသည်။



အငူမော်ဆိပ်ကမ်းအတွင်း သောင်တင်နေရသည့် ကုန်ကားများအား သြဂုတ်လ ၁၄ ရက် နံနက်က တွေ့ရစဉ်။

အဆိုပါကုန်ကားများသည် မောင်တောနယ်စပ်ကုန်သွယ်ရေးမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကုန်များဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က မောင်တောနှင့် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပြီးနောက် သြဂုတ်လ ၁၄ ရက်မှစတင်ကာ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် အသွားအလာ ပိတ်ပင်ခံထားရခြင်းဖြစ်သည်။

သောင်တင်ပိတ်မိနေသည့်ကုန်ကားများအနက် ငါးသယ်လာသည့် ကုန်စိမ်းကားများအနေဖြင့် အငူမော်-မောင်တောကားလမ်းဖြင့်မသွားတော့ဘဲ အငူမော်မှ စစ်တွေမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ ရသည့်နည်းဖြင့် တင်ပို့နိုင်ရန် ဆန္ဒရှိနေကြသည်ဟု သိရသည်။

ယင်းကြောင့် အဆိုပါကုန်စိမ်းကားများသည် လက်ရှိ အငူမော်ဆိပ်ကမ်းမှ စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းသို့ ဇက်ဖြင့်ပြန်ကူးရန်တောင်းဆိုသော်လည်း စစ်တပ်က ဖြတ်သန်းခွင့် လုံးဝ မပေးကြောင်း အငူမော်တွင် သောင်တင်ပိတ်မိနေသည့်ကားသမားတစ်ဦးက ပြောသည်။

“ရှေ့တိုးလို့လည်း မရဘူး။ နောက်ဆုတ်လို့လည်း မရဘူး။ ရေချမ်းပြင်ကို ပြန်ကူးမယ်ဆိုရင်လည်း မရဘူး။ အဲဒီက (ရေချမ်းပြင်)က ဇက်သင်္ဘောကို ဒီကိုမလာရဘူး”ဟု ပြောသည်။

ကုန်စိမ်းများ မပုပ်သိုး မပျက်စီးခင် ဘင်္ဂလားဒေ့ရှ်သို့ အချိန်မီမတင်ပို့နိုင်ပါက ကုန်သည်များတွင် အလွန်တရာ နစ်နာဆုံးရှုံးသွားနိုင်သည်ဟုလည်း သိရသည်။

ယင်းအပြင် မေယုမြစ်ဝကို ဖြတ်ပြီး ရေချမ်းပြင်-အငူမော်ဆိပ်ကမ်းအကြား ပြေးဆွဲနေသည့် ကူးတို့ စက်လှေများ အားလုံးကိုလည်း သြဂုတ် ၁၄ ရက် နံနက်မှစတင်ကာ စစ်တပ်က ထွက်ခွာခွင့်ပိတ်ပင်ထားလိုက်သဖြင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများရပ်တန့်လျက်ရှိပြီး အသွားအလာများလည်း ပြတ်တောက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ နောက်ထပ် ရက်တာရှည်အသွားအလာကန့်သတ်ခံထားရပါက စားနပ်ရိက္ခာများ ပြတ်တောက်ကာ စားသောက်နေထိုင်ရေး အထူးခက်ခဲသွားနိုင်သည်ဟုလည်း ဒေသခံများက ပြောသည်။

ယခုကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရသူ ဦးလှသိန်းနှင့် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...