စစ်ကောင်စီကို ဝင်ငွေ ရှာပေးသည့် အကောက်ခွန်ဂိတ်ကို KIA နှင့် PDF မီးရှို့ဖျက်ဆီး

စစ်ကောင်စီကို ဝင်ငွေ ရှာပေးသည့် အကောက်ခွန်ဂိတ်ကို KIA နှင့် PDF မီးရှို့ဖျက်ဆီး
အင်းတော် နဘား လမ်းဆုံ စစ်ကောင်စီ အကောက်အခွန်ဂိတ် မီးရှို့ဖျက်ဆီး
အင်းတော် နဘား လမ်းဆုံ စစ်ကောင်စီ အကောက်အခွန်ဂိတ် မီးရှို့ဖျက်ဆီး

မန္တလေး မြစ်ကြီးနားလမ်းမပေါ် အင်းတော် နဘားလမ်းဆုံရှိ စစ်ကောင်စီ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် အကောက်အခွန်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF ပူးပေါင်းတပ်တို့က ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ဝန်ထမ်း ၄ ဦးကိုလည်း ဖမ်းခေါ်သွားကြောင်း သိရသည်။

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့်ဂိတ်ဖြစ်သောကြောင့် ဖျက်စီးလိုက်ခြင်းဖြစ်သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“အဲ့ဂိတ်မှာက စစ်ကောင်စီ တပ်သားတွေ မထိုင်ဘူး။ အရပ်သားဝန်ထမ်းတွေကို ထိုင်ခိုင်းတာ အဲ့အရပ်သားဝန်ထမ်းတွေကိုလည်း ဖမ်းထားတယ်။ ပြီးကျရင် မေးစရာစစ်စရာပြီးရင် ပြန်လွတ်ပေးမှာ အဓိကတော့ စစ်ကောင်စီကိုင်တဲ့ ဂိတ်မို့လို့သွားလုပ်တာ။ အဲ့ဂိတ်မှာ ကုန်ကားတွေ၊ ဘတ်ဖိုးယာဥ်တွေ တွဲကားကြီးတွေကို ကတ္တားချိန်တယ်။ တန်ချိန်ပိုတဲ့ဟာတွေကို အခွန်ကောက်တယ် အဲ့ငွေတွေကို စစ်ကောင်စီကိုပေးတယ်အဲ့ကြောင့် ဖျက်ဆီးခဲ့တာပါ”ဟုပြောဆိုသည်။

ဂိတ်ထိုင်ထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ယခင်က စစ်တပ် နှင့် ရဲများထိုင်လျက်ရှိရာ ယခုနှစ်ကုန်ပိုင်းတွင် အရပ်သားများကို လခပေးငှားရမ်း၍ ဂိတ်ထိုင်ခိုင်းပြီး တန်ချိန်ပိုသည့် ကုန်ကားများကိုတစ်စီးလျှင် အများဆုံး ကျပ် ၁၅၀၀၀၀ အထိ တောင်းခံလျက်ရှိကြောင်း သိရသည်။

ဂိတ်ထိုင်နေသည့် အရပ်သား ၄ ဦးကို KIA စခန်းဘက်သို့ ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းပြီးပါက ပြန်လွတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးရှို့နေစဉ် အင်းတော်မြို့တွင်းရှိ စစ်ကောင်စီတပ် မှ နဘားရွာဘက်သို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ နဘားကျေးရွာအနီးရှိ ဆီပန့်ဆိုင်အနီးကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်း PDF နှင့် KIA အနေဖြင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီး တိုက်ခိုက်မှုမှာ ယခု ဒုတိယအကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...
July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...