စံပြ ပြည်သူ့စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်မှုတွင် KIA ဘက် ၁ ဦးကျဆုံး၊ ၁ ဦးထိခိုက်ဟု ဆို

စံပြ ပြည်သူ့စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်မှုတွင် KIA ဘက် ၁ ဦးကျဆုံး၊ ၁ ဦးထိခိုက်ဟု ဆို

ရှဒူးဇွပ် ကျေးရွာအနီး စစ်ကောင်စီ လက်အောက်ခံ စံပြ ပြည်သူ့စစ်တပ်စခန်းကို ယနေ့ နံနက် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဝင်ရောက်တိုက်ခိုက်မှုတွင် စခန်းသိမ်းပိုက်နိုင်ခြင်းမရှိဘဲ KIA ဘက်မှ ၁ ဦးကျဆုံးကာ ၁ ဦးထိခိုက်ခဲ့သည်ဟု ဒေသခံများ ပြောဆိုနေကြသည်။

“ကျနော်တို့ ကြားရသလောက်က တစ်ယောက်ကျပြီး တစ်ယောက်က ထိခိုက်တယ်လို့ကြားတယ်။ ပြည်သူ့စစ် တပ်စခန်းသိမ်းနိုင်တဲ့အထိတော့ မဟုတ်ဘူး။ KIA ဘက်က ပစ်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူ့စစ်တပ်စခန်းအတွင်းမှာ ထိခိုက်ပျက်စီးမှုများတယ်”ဟု စံပြ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

KIA ဘက်က ကျဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ KIA ဘက်သို့ ဆက်သွယ်မေးမြန်သော်လည်း လက်ရှိအချိန်အထိ ဆက်သွယ်၍ မရရှိသေးပါ။

ယနေ့ နံနက်ပစ်ခတ်မှုအပြီး ပြည်သူ့စစ်အဖွဲ့မှ ထုတ်ပြန်ထားသော Drone ဓါတ်ပုံတွင် KIA ဘက်မှ ဆုတ်ခွာသွားသည့် ရုပ်ပုံနှင့်အတူ သေဆုံးသူကို ထမ်းသွားသည့် ရုပ်ပုံများပါ ဖော်ပြထားသည်။

စံပြ ပြည်သူ့စစ်တပ်စခန်း အနီးရှိသော ဒေသခံများပြောဆိုချက်အရ ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ထိခိုက်မှုရှိနိုင်ကြောင်း ပြောဆိုသော်လည်း KNG မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြည်သူ့စစ်အဖွဲ့ ထုတ်ပြန်သော KIA စစ်ကြောင်း၏ ဓါတ်ပုံများ လူမှုစာမျက်နှာတွင် ထွက်ပေါ်လာပြီးနောက် KIA အနေဖြင့်လည်း ခေတ်မှီလက်နက်များကို မြင့်တင်သင့်ပြီဟု မြစ်ကြီးနား ရှိ စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက KNG ကို ပြောသည်။

‘မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့တွေက KIA စစ်ကြောင်းကို Drone နဲ့ ကြည့်ရှုနိုင်တယ်ဆိုရင် အစိုးရတစ်ရပ်လိုနေတဲ့ KIA ဘက်ကလည်း Drone ဘာကြောင့် မကိုင်နိုင်သေးတာလဲ။ အစိုးရဘဏ္ဍာငွေတွေ အောက်ခြေမှာ အလွဲသုံးစားမှုတွေ ဖြစ်နေလို့လား” ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရှဒူးဇွပ်ဒေသ မင်းဇင်သန့် ဦးဆောင်သော စံပြ ပြည်သူ့စစ်တပ်စခန်းကို KIA ဝင်ရောက်တိုက်ခိုက်မှု ၃ ကြိမ် ထက်မနည်းရှိခဲ့ပြီ ဖြစ်သည်။

၂၀၂၁ မေလ မင်းဇင်သန့်၏ နေအိမ်တွင် KIA တပ်မဟာ ၂ မှ လာရောက်တိုက်ခိုက်ချိန် KIA ဘက်မှ ၄ ဦး ကျဆုံးခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဇူလိုင်လ ချောင်းဆုံ ရွှေမှော်အနီးရှိ ကနွယ်တူ KIA တပ်စခန်းကို ပြည်သူ့စစ်အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့စဉ် KIA ဘက်မှ ၂ ဦး ကျဆုံးပြီး ၂ ဦး ထိခိုက်ခဲ့သည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် စံပြကျေးရွာအခြေစိုက် ဝါရာဇွပ်ပြည်သူ့စစ်ဟု ခေါ်သော မင်းဇင်သန့် ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် စံပြနှင့် ရှဒူးဇွပ်၊ ကိုင်းတော စသည့်နေရာများတွင် စစ်တပ်အခိုင်အမာ တည်ဆောက်ထားသည့်အပြင် ခေတ်မှီလက်နက်များဖြင့် နေ့စဉ် လေ့ကျင်မှုပြုလုပ်နေသောကြောင့် KIA မှ တိုက်ခိုက်ရန် ခက်ခဲလာသည်ဟု ဒေသခံများ သုံးသပ်မှုများ ရှိနေသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...