ရခိုင်တွင် အကြီးကျယ်ဆုံး စာပေဆုတစ်ခုဖြစ်သည့် "တန်းခိုးဆရာထွန်း"စာပေဆုအတွက် ပြိုင်ပွဲစာမူများ ဖိတ်ခေါ်

ရခိုင်တွင် အကြီးကျယ်ဆုံး စာပေဆုတစ်ခုဖြစ်သည့် "တန်းခိုးဆရာထွန်း"စာပေဆုအတွက် ပြိုင်ပွဲစာမူများ ဖိတ်ခေါ်

ရခိုင်တွင် အကြီးကျယ်ဆုံးစာပေဆုတစ်ခုဖြစ်သည့် "တန်းခိုးဆရာထွန်း"စာပေဆု၏ နဝမအကြိမ်မြောက်စာပေဆုပြိုင်ပွဲအတွက် ပြိုင်ပွဲစာမူများကို ဖိတ်ခေါ်နေပြီဟု သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆု၊ ကလေးကဗျာပေါင်းချုပ်ဆု စသည့် ဆု(၄)မျိုးအတွက်ဖိတ်ခေါ်ထားပြီး ဂီတစာပေဆုနှင့် တစ်သက်စာ စာပေဆု (၂)ဆုကိုမူ ဆုရွေးချယ်ရေးကော်မတီက သီးသန့်ရွေးချယ်ချီးမြှင့်မည်ဟု သိရသည်။

ကဗျာအတွက် ခေါင်းစဉ်မှာ "ရခိုင်ဒေသ သဘာဝ၊ အလှစုံညီ စာပန်းချီ" ဖြစ်ပြီး အနည်းဆုံး ပါဒ ၁၀၀၀ ရှိရမည်ဖြစ်ကာ ကဗျာစပ်နည်းနှင့် အညီရေးသားထားသည့် အချိုးကဗျာ (သို့မဟုတ်) လေးလုံးစပ်ကဗျာဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

ဆောင်းပါးအတွက် ခေါင်းစဉ်မှာ "ရခိုင်ရိုးရာပုံပြင်များထဲမှ ကလေးသူငယ်အကျိုးပြုအနှစ်သာရများ"ဖြစ်ပြီး အနည်းဆုံး A4 စာမျက်နှာ ၂၅ မျက်နှာရှိရမည်ဟု ဆိုသည်။

အလားတူ ဝတ္ထုအတွက် ခေါင်းစဉ်မှာ "စီးနေဦးမည့် ကစ္ဆပနဒီ"ဖြစ်ပြီး အနည်းဆုံ A4 စာမျက်နှာ ၂၅ မျက်နှာရှိရမည်ဟု ထုတ်ပြန်ထားသည်။

ကလေးကဗျာပေါင်းချုပ်အတွက်ကိုမူ စာကြောင်းရေ ၈ ကြောင်း (သို့မဟုတ်) ၁၆ ပါဒခန့်ပါရှိသည့် ကဗျာပုဒ်ရေ (၄၀) နှင့်အထက် ရေးဖွဲ့ရမည်ဖြစ်ပြီး ရခိုင်စာသင်ရိုးအဖွဲ့မှသတ်မှတ်ထားသော ရခိုင်အရေးအသားစာလုံးပေါင်းသတ်ပုံအတိုင်းရေးသားရမည်ဟု ထုတ်ပြန်ထားသည်။

ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး ဆရာလွမ်းပြေအောင်(စစ်တွေ)က "ရခိုင်မှာ ရခိုင်အမျိုးသားစာပေဆုပြီးမပေါ်ပေါက်ခင်စပ်ကြားမှာ ဂုဏ်ဒြပ်ကြီးမားတဲ့ တန်းခိုးဆရာထွန်းစာပေဆုကို နှစ်စဉ်အစဉ်အလာမပျက် အကြီးအကျယ် ချီးမြှင့်ချင်တဲ့စေတနာနဲ့ နောက်ထပ် ၉ ကြိမ်မြောက်ပြိုင်ပွဲကို ဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်”ဟု နိရဥ္စရာကိုပြောသည်။

တစ်သက်တာ စာပေဆုကို ရခိုင်တို့၏ လူမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရခိုင်သမိုင်းထုတ် စာ‌ပေအကျိုးပြုစာ‌ရေးဆရာများထဲမှ အသက် (၈ဝ)အထက်ရှိသူများကို ရွေးချယ်မည်ဖြစ်ပြီး ဂီတစာဆိုဆုကိုလည်း ရခိုင်လူမျိုးတို့၏ လူမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ပြည်သူလူထုကြားတွင် ထိုးဖောက်နိုင်အောင်ရေးသားနိုင်သူကို ရွေးချယ်ပေးအပ်သွားမည်ဟု သိရသည်။

ပြိုင်ပွဲဝင်စာမူများကို လာမည့် နိုဝင်ဘာလ ၃ဝ ရက် ညနေ ၄ နာရီနောက်ဆုံးထားယှဉ်ပြိုင်ရမည်ဖြစ်ပြီး လူဦးရေ၊ အသက်၊ လူမျိုး၊ နိုင်ငံ၊ ကန့်သတ်ထားခြင်းမရှိဘဲ လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟုလည်း သိရသည်။

ရခိုင်လူမျိုးများထဲတွင် ကိုလိုနီခေတ်ကထင်ရှားကျော်ကြားခဲ့သည့် ရခိုင်ဂန္ထဝင် တေးရေးနှင့် စာရေးဆရာ တန်းခိုးဆရာထွန်းအား ဂုဏ်ပြုသည့်အနေဖြင့် ယခုပွဲကိုကျင်းပရခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာဇာတိဖြစ်သည့် တန်းခိုးဆရာထွန်းသည် အသက် ၇ဝ ခန့်တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ဆရာ့ကိုဂုဏ်ပြုသည့်အနေဖြင့် “တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ” ကို ၂၀၁၁ ခုနှစ်မှစ၍ ကျင်းပလာခဲ့ပြီး ၂၀၁၂ ၊ ၂၀၁၃ နှင့် ၂၀၁၈ ခုနှစ်တို့တွင် အခြေအနေအမျိုးမျိုးကြောင့် ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည််။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်ကကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုပြိုင်ပွဲ၌ တစ်သက်တာစာပေဆုကို စာရေးဆရာ ဖိုးကျော့၊ ဂီတစာဆိုဆုကို တေးရေးဆရာ ကိုထွန်းလှိုင်၊ ကဗျာဆုကို မောင်ကြီး(ဖွံ့ဖြိုးရေးသိပ္ပံ)၊ ဝတ္ထုဆုကိုစာရေးဆရာမ မေလှိုင်းဖြူ၊ ဆောင်းပါးဆုကို ဇော်လွင်ဦး(ဟင်္သာတ)နှင့် ကလေးကဗျာဆုကို ဆရာ ဈာန်ဟိန်း(မြောင်းဘွေ)တို့က ရရှိခဲ့ကြသည်။

ယခင်နှစ်က ဆောင်းပါးဆုရရှိခဲ့သူ စာရေးဆရာ ဇော်လွင်ဦး(ဟင်္သတ)သည် ပြည်မဘက် ဧရာဝတီတိုင်းမှဖြစ်ပြီး ပြည်မဘက်မှ စိတ်ဝင်စားသူများလည်း ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု ဆုရွေးချယ်ရေးကော်မတီမှ သိရသည်။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...