ကျောက်တော်တွင် ညမထွက်ရအမိန့် နောက်ထပ် ၂ လ ထပ်တိုးထုတ်ပြန်ထား

ကျောက်တော်တွင် ညမထွက်ရအမိန့် နောက်ထပ် ၂ လ ထပ်တိုးထုတ်ပြန်ထား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လထပ်တိုးထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောဖြစ်ရပ်များဖြစ်ပွားခဲ့ခြင်းကြောင့် ညအချိန်တွင် လွတ်လပ်စွာသွားလာခွင့်ပြုထားပါက ထိုဖြစ်စဉ်များထပ်မံဖြစ်ပွားရန် ယုံကြည်၍ ယခုကဲ့သို့ ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အားထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်မှစ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွန့်က လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။

ယခင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့သည့် ကာလကပင် ယခုတိုက်ပွဲများမရှိဘဲ တည်ငြိမ်နေသည့်အချိန်အထိ ညမထွက်ရအမိန့်ကို ထပ်တိုးထုတ်ပြန်နေခြင်းမှာ ပြည်သူများအတွက် အခက်အခဲများစွာရှိပြီး ည ၉ နာရီအချိန်သည် မြို့တစ်မြို့အတွက် စောလွန်းသော အချိန်တစ်ခုဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

"ပြည်သူတွေအနေနဲ့တော့ အခက်အခဲတွေအများကြီး ကြုံရတယ်။ ၉ နာရီဆိုတာက မြို့တစ်မြို့မှာ အရမ်းအစောကြီးပဲရှိသေးတယ်။ အပျင်းပြေမိသားစုနဲ့သွားလာဖို့၊ ကျန်းမာရေးကိစ္စသွားပြဖို့ အဲလိုကိစ္စတွေအများကြီး ဆုံးရှုံးမှုဖြစ်ရတယ်။ ၁၄၄ ထုတ်ထားတာကို ကျနော့်အနေနဲ့တော့ သိပ်ပြီးသဘောမကျဘူး" ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့၏သဘောထားများအား သိလို၍ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် လအနည်းငယ်မှစ၍ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြား စစ်ရေးတင်းမာမှုများရှိလာနေပြီး နှစ်ဘက်အဖမ်းအဆီးများလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ရခိုင်မြို့ကြီးအချို့တို့တွင်လည်း စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချဲ့မှုများပြုလုပ်နေကာ ဧည့်စာရင်းစစ်သည့်အကြောင်းပြချက်များဖြင့် ဒေသခံပြည်သူများကို ဖမ်းဆီးတရားစွဲခြင်းများပြုလုပ်နေကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် ရခိုင်မှ မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်စသည့်မြို့နယ်များအပြင် ပဋိပက္ခများဖြစ်ပွားခဲ့သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်လည်း ညမထွက်ရအမိန့်ကို ၂ လ တစ်ကြိမ် ထပ်တိုးထုတ်ပြန်လေ့ရှိကြောင်း သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...