မင်းပြားတွင် စစ်တပ်ကတပ်စွဲထားသည့်တောင်ပေါ်သို့ ထင်းခွေသွားသည့်အမျိုးသား ၁ ဦး မိုင်းနင်းမိ

မင်းပြားတွင် စစ်တပ်ကတပ်စွဲထားသည့်တောင်ပေါ်သို့ ထင်းခွေသွားသည့်အမျိုးသား ၁ ဦး မိုင်းနင်းမိ
မိုင်းနင်း၍ ဒဏ်ရာပြင်းထန်သည့် ဦးရွှေစိန်အောင်အား မင်းပြားဆေးရုံသို့ သယ်ဆောင်နေကြစဉ်။ Photo - အမ်းသားကြီး
မိုင်းနင်း၍ ဒဏ်ရာပြင်းထန်သည့် ဦးရွှေစိန်အောင်အား မင်းပြားဆေးရုံသို့ သယ်ဆောင်နေကြစဉ်။ Photo - အမ်းသားကြီး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြစ်နားရွာအနီး စစ်တပ်ကတပ်စွဲထားသည့်တောင်ပေါ်သို့ ထင်းခွေသွားသည့် အမျိုးသား ၁ ဦးသည် ယနေ့နံနက်ပိုင်းက မိုင်းနင်း၍ ခြေတစ်ဘက် ပြတ်ထွက်သွားသည်ဟု သိရသည်။

ခြေတစ်ဘက် ပြတ်ထွက်သွားသူမှာ မြစ်နားရွာမှ အသက် ၆ဝ ကျော်အရွယ် ဦးရွှေစိန်အောင်ဖြစ်သည်။

သူသည် ယနေ့ သြဂုတ်လ ၅ ရက် နံနက် ၈ နာရီခန့်က ရွာအရှေ့ဘက်ရှိ စစ်တပ်ကတပ်စွဲထားသည့်တောင်ပေါ်သို့ထင်းခွေသွားစဉ် မိုင်းနင်းမိ၍ ညာဘက်ဒူးအောက်ပိုင်း ပြတ်ထွက်သွားခဲ့သည်ဟု သွားရောက်ကူညီပေးနေသည့် ကိုအမ်းသားကြီးက နိရဥ္စရာကို ပြောသည်။

"ညာဘက်ခြေထောက် ဒူးအောက်ကပြတ်သွားတာပါ။ အခြေအနေက စိုးရိမ်ရတဲ့အနေအထားလို့ပဲ ပြောရမှာပေါ့"ဟု ပြောသည်။

လက်ရှိတွင် စိုးရိမ်ရသည့်အတွက် သူ့ကို မင်းပြားဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရသည်ဟု သိရသည်။

ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် ခမရ ၃၈၀/၃၇၉/၅၄၁ တပ်ရင်းများက အလှည့်ကျတပ်စွဲနေသော ၁၄၄ တောင်ကုန်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ရက္ခိုင့်တပ်တော် (AA)ပြောခွင့်ရသူ ဦးခိုင်သုခကလည်း ပြည်သူများအနေဖြင့် စစ်တပ်နယ်မြေနှင့် ယခင်တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများသို့မသွားလာကြရန်နှင့် မိုင်းအန္တရယ်ကို သတိပြုကြရန် ဇူလိုင် ၁၈ ရက်နေ့က နိရဥ္စရာနှင့်အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

ရခိုင်တွင် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

အလားတူ တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲ၍ လူပေါင်း ၄ဝ ကျော်သေဆုံးပြီး ၈ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု REC က ထုတ်ပြန်ခဲ့သည်။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...