ပလက်ဝကျောင်းသားစက်လှေပစ်ခတ်မှု PDF အဖွဲ့ကလုပ်သလိုမျိုး စစ်ကောင်စီပိုင် သတင်းစာများတွင် ရေးသားဖော်ပြ

ပလက်ဝကျောင်းသားစက်လှေပစ်ခတ်မှု PDF အဖွဲ့ကလုပ်သလိုမျိုး စစ်ကောင်စီပိုင် သတင်းစာများတွင် ရေးသားဖော်ပြ

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကျောင်းသားများတင်ဆောင်လာသည့် စက်လှေတစ်စီး ပစ်ခတ်ခံရမှုမှာ စစ်တပ်က ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က သြဂုတ်လ ၃ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသလို ဒေသခံများကလည်း စစ်တပ်က ပစ်ခတ်ကြောင်း ပြောဆိုထားပြီးနောက်ပိုင်း ယင်းပစ်ခတ်မှုကို  PDF အဖွဲ့က လုပ်သလိုမျိုး ယနေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင် ရေးသားဖော်ပြထားသည်။

၎င်း ကျောင်းစက်လှေ ပစ်ခတ်မှုသည် ဩဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီခန့်က ပလက်၀မြို့နယ် နှမဒါကျေးရွာရှေ့ရှိ ချောင်းအတွင်း ဖြစ်ပွားခဲ့ပြီး ၎င်းပစ်ခတ်မှု၌ ၁၁ နှစ်အရွယ် ပဉ္စမတန်း ခူမီးကျောင်းသားနှစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသား ၂ ဦးအပါအဝင် ကျောင်းအထွေထွေဝန်ထမ်းတစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး ယနေ့ထုတ် မြန်မာ့အလင်းသတင်စာတွင်   “NUG အကြမ်းဖက် အဖွဲနှင့် ၎င်း၏ လက်အောက်ခံ  PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ် လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာတတ်လူတန်းစားများ ဖြစ်ပေါ် လာစေရန်နှင့်  ၎င်းတို့အား အကြောက်တရားဖြင့် ထောက်ခံအားပေး လာစေရန် ယုတ်မာ ရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အအုံ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များ၊ မီးရှို့ဖျက်ဆီးခြင်း၊ အတင်းဓမ္မလုယူခြင်းစသည့် နည်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို ဖျက်ဆီးလျက်ရှိသည်” ဟု ရေးသားထားသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ သြဂုတ်လ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမဝကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲမှ အထွေထွေဝန်ထမ်း ဦးဗဒူ (၅ဝ နှစ်)သည် အဆိုပါကျောင်း၌ ပညာသင်ကြားနေသည့် ရီးမဝကျေးရွာမှ ကျောင်းသူ၊ ကျောင်းသား ၇ ဦးတို့ကို ၄င်းမောင်းနှင်သည့် စက်လှေဖြင့်တင်ဆောင်၍ ရီးမဝကျေးရွာသို့ လိုက်ပါ ပို့ဆောင်ရန်အတွက် ကုလားတန်မြစ်ကြောင်းအတိုင်း ပြန်လည် မောင်းနှင် လာစဉ် ရီးမဝကျေးရွာသို့ မရောက်မီ နှစ်ဖာလုံခန့်အကွာအရောက်၌ ကုလားတန်မြစ်၏ ညာဘက်မြစ်ကမ်းပေါ်မှ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပဥ္စမတန်းကျောင်းသားများဖြစ်သည့် မောင်နေမင်းထွန်း (၁၁ နှစ်)နှင့် မောင်သန်းမြင့် (၁၁ နှစ်)တို့နှစ်ဦးတွင် နောက်ကျောကျည်ထိမှန်ဒဏ်ရာရရှိကာသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် စက်လှေမောင်းနှင်လာသည့် ဦးဗဒူတွင် ဝဲလက်ကောက်ဝတ်နှင့် လည်ပင်းကျည်ရှပ် ထိဒဏ်ရာ တစ်ချက်၊ ပဥ္စမတန်းကျောင်းသူ မခင်သီတာ (၁၄ နှစ်)၏ ဝဲ/ယာခြေထောက်နှစ်ချောင်း၌ ကျည်ထိမှန်ဒဏ်ရာများ၊ ပဥ္စမတန်း ကျောင်းသား  မောင်အောင်လင်းဝင်း (၁၁ နှစ်)တွင် ကျော ကျည်ရှပ်ထိ ဒဏ်ရာတစ်ချက်တို့ရရှိခဲ့သည်ဟုလည်း ရေးသားထားသည်။

အဆိုပါစက်လှေအား နှမဒါကျေးရွာစေတီကုန်းတွင် စခန်းချ တပ်စွဲနေရာ ယူထားသည့် မြန်မာ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က ယမန်နေ့ သြဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

၎င်းပြင် ကာယကံရှင် ကျေးရွာသားများကလည်း နှမဒါကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်သည်ဟု ပြောဆိုထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...