မြန်မာနိုင်ငံတွင် စစ်ဘေးဒုက္ခသည်များကို အကူအညီပေးရန် ကန့်သတ်ချက်များရှိကြောင်း UNOCHA ပြော

မြန်မာနိုင်ငံတွင် စစ်ဘေးဒုက္ခသည်များကို အကူအညီပေးရန် ကန့်သတ်ချက်များရှိကြောင်း UNOCHA ပြော

မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများကို အကူအညီပေးရေးတွင် ကန့်သတ်ချက်များရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး United Nations OCHA Myanmar (UNOCHA)က ယမန်နေ့(သြဂုတ်လ ၃ ရက်)တွင် ထုတ်ပြန်သည်။

“ယခုလအတွင်းမှာပဲ တပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ တိုက်ပွဲတွေ နိုင်ငံတစ်ဝှမ်းမှာ ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက် အရပ်သားကာကွယ်စောင့်ရှောက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာပါတယ်”ဟု UNOCHA ကဆိုသည်။

UNOCHA ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသည့်ပဋိပက္ခနှင့် မလုံခြုံမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ဦးနှင့် ယင်းမတိုင်မီ ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃၄၆,၀၀၀ ဦးဖြစ်ပြီး အများစုမှာ ရခိုင်ပြည်နယ်မှဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာလာကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာထောက်ပံ့မှုမရှိသည့်အတွက် စားဝတ်နေရေးအခက်အခဲရှိနေကြောင်း စခန်းတာဝန်ခံ ဦးသန်းဌေးကပြောသည်။

“အစိုးရက စားနပ်ရိက္ခာမထောက်ပံ့တာ ၃ လလောက်ရှိပြီ။ ၆ လပိုင်းကတည်း မထောက်ပံ့တာ။ WFP ကလည်း စားနပ်ရိက္ခာမထောက်ပံ့တော့ဘူး။ လူတစ်ယောက်ကို တစ်လမှာ ငွေ ၁၈၀၀၀ တော့ ထောက်ပံ့တယ်။ ဒါပေမယ့် မလုံလောက်တဲ့အတွက် စားဝတ်နေရေးတော့ အခက်အခဲတွေရှိတယ်။ ဖြစ်သလိုစားသောက်ပြီးတော့ နေနေရတယ်”ဟု ၎င်းကဆိုသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို NGO/INGO အဖွဲ့အစည်းများမှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ရာတွင် ယခင်ကတစ်လစာထောက်ပံ့ခွင့်ရရှိခဲ့သော်လည်း ပြီးခဲ့သည့်ဇူလိုင်လမှစတင်ကာ ၁၀ ရက်စာ အကန့်အသတ်ဖြင့် ထောက်ပံ့ခွင့်ပြုထားသည်။

NGO/INGO များကို ခရီးသွားလာခွင့်ကန့်သတ်ထားခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့ခြင်း ကန့်သတ်ခံရမှုတို့ကြောင့် မောင်တောဒေသခံများမှာ စားနပ်ရိက္ခာအခက်အခဲများရှိနေသည်။

“အရင်တုန်းက တစ်လမှာတစ်ကြိမ် ထောက်ပံ့တယ်။ အခုတော့ ၁၀ ရက်တစ်ကြိမ်စီပဲ ထောက်ပံ့တယ်။ အဲဒါတောင် စားနပ်ရိက္ခာတွေကို ကြိမ်ချောင်းရွာကိုသွားပြီးတော့ ထုတ်ရတယ်။ အရင်တုန်းကတော့ ရွာတွေကိုလာပေးတယ်။ အခုလိုကန့်သတ်လိုက်တော့ အခက်အခဲတွေတော့ ရှိသွားတာပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ရွာနဲ့ ကြိမ်ချောင်းနဲ့ဆိုရင် ၉ မိုင်လောက်ဝေးတယ်။ သွားရေးလာရေးတွေတော့ အခက်အခဲရှိတာပေါ့”ဟု ၎င်းကဆိုသည်။

ဒုက္ခသည်များကို အကူအညီပေးရာတွင် ကန့်သတ်မှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့ စစ်ရေးတင်းမာနေပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိလာသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...