ရန်ကုန်မှလာသည့် လူငယ် ၂ ဦး အမ်းစစ်ဆေးရေးဂိတ်တွင် တောင်ပေါ်ရှုခင်းအားဓာတ်ပုံရိုက်မိရာမှ ဖမ်းဆီးခံရ

ရန်ကုန်မှလာသည့် လူငယ် ၂ ဦး အမ်းစစ်ဆေးရေးဂိတ်တွင် တောင်ပေါ်ရှုခင်းအားဓာတ်ပုံရိုက်မိရာမှ ဖမ်းဆီးခံရ

ရန်ကုန်မှ ရခိုင်သို့ ခရီးသည်တင်ကားဖြင့်လိုက်ပါလာသည့် လူငယ် ၂ ဦးသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် တောင်ပေါ်ရှုခင်းများအား ဓာတ်ပုံရိုက်မိရာမှ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ထိုလူငယ် ၂ ဦးသည် မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်မှဖြစ်ကြပြီး အမ်းမြို့နယ်ရှိ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင်  သြဂုတ်လ ၁ ရက် နံနက် ၉ နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ခရီးသည်များ၏မှတ်ပုံတင်ကို အစစ်ဆေးခံရန် ကားရပ်နားနေစဉ် ထိုလူငယ် ၂ ဦးအနက်တစ်ဦးသည် ရိုးမတောင်ပေါ်မှ ရှုခင်းများကို ဓာတ်ပုံရိုက်ရာမှ စတင်အစစ်ဆေးခံရကာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ကားပေါ်ပါလာသည့်ခရီးသည်တစ်ဦးက နိရဥ္စရာကိုပြောသည်။

အဆိုပါကားနှင့်လိုက်ပါလာသည့်ခရီးသည်တစ်ဦးက "သူက ထုတ်ရိုက်တဲ့အခါ စစ်သားတွေကမြင်လို့ လှမ်းခေါ်တယ်။ ဖုန်းယူလာခဲ့စမ်းဆိုပြီးတော့။ အဲဒီနောက်မှာစစ်ပြီးတော့ အဖမ်းခံလိုက်ရတာပါ၊ သူပါသူ့သူငယ်ချင်းပါ" ဟုပြောသည်။

ဖမ်းဆီးခံလိုက်ရသည့်လူငယ် ၂ ဦး၏အမည်တို့ကို နိရ ဉ္စရာအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါခရီးသည်တင်ကားတွင် ခရီးသည် ၁၇ ဦးခန့်ပါရှိသည်ဟု သိရသည်။

ကားပေါ်မှ အခြားမိန်းကလေးတစ်ဦးသည်လည်း ဖမ်းဆီးခံရသည့်လူငယ်၏ဖုန်းထဲတွင်ပါရှိသူတစ်ဦးနှင့်တူသည်ဟုဆိုကာ နံနက် ၉ နာရီမှစတင် စစ်ဆေးခံခဲ့ရပြီး ညနေ ၆ နာရီခန့်မှ ကားနှင့်အတူ ယင်းမိန်းကလေးကိုပါ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

အမ်းနှင့် စစ်တွေကြားရှိ စစ်ဆေးရေးဂိတ်များတွင် ယခုနောက်ပိုင်း ကုန်ကားများနှင့် ခရီးသည်တင်ကားများကို စစ်ဆေးရာ၌ အစစ်အဆေးကြမ်းပြီး ခရီးသည်များကိုလည်း လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားကြောင်း ကားသမားတစ်ဦးက ပြောသည်။

"ဓာတ်ပုံမရိုက်ရဘူး၊ ဖုန်းမပြောရဘူး၊ ဆေးလိပ်မသောက်ရဘူး။ အဲလိုကန့်သတ်ထားတာတွေရှိတယ်။ သူတို့မသင်္ကာတာတွေရှိရင်စစ်မယ်။ စစ်လို့တွေ့ရင်ခေါ်သွားမယ် အဲလိုမျိုးထုတ်ထားတာရှိတယ်။ အမှိုက်တွေဘာတွေပစ်ရင်တောင် မရဘူး။ အရမ်းကြမ်းတယ်။ အဲဒီဂိတ်တွေအားလုံးက။ မှတ်ပုံတင်ထဲက အမိအဖမှတ်ပုံတင်တွေ၊ နာမည်တွေ မသိရင်လည်း ဒိုက်ထိုးရတယ်" ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

လက်ရှိတွင် စစ်တွေနှင့်အမ်းအကြား ကားလမ်းပေါ်တွင် စစ်တပ်က စစ်ဆေးရေးဂိတ် ၁၀ ကျော် တိုးချဲ့ဖွင့်လှစ်ပြီးတင်းကျပ်စွာစစ်ဆေးနေ၍ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာရေးကြန့်ကြာမှုဖြစ်ပေါ်နေကြောင်း ခရီးသည်များက ပြောဆိုကြသည်။

ဓာတ်ပုံ - အမ်းနှင့် စစ်တွေကြားရှိ စစ်ဆေးရေးဂိတ်တစ်ခုအား ယခင်က တွေ့ရစဉ်။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...