ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကလာဘာတောင်ရပ်ကွက်ရှိ မြကန်သာရွာတွင် နေထိုင်သူများအနေဖြင့် အိမ်များမှ ဧည့်စာရင်းတိုင်ကြားရာတွင် လူဦးရေအလိုက် ငွေကြေးပေးဆောင်ရသဖြင့် လက်လုပ်လက်စား မိသားစုများအနေဖြင့် အခက်အခဲ ရှိနေကြရသည်ဟု သတင်းရရှိသည်။
ကလာဘာတောင် (ကုလားဘာတောင်)ရပ်ကွက်ရှိ မြကန်သာနေရာတွင် လွန်ခဲ့သည့် ၁၈ နှစ်ခန့်က စတင်နေထိုင်လာခဲ့ကြပြီး လက်ရှိတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီဖြစ်သော်လည်း ကျူးကျော်ဟုဆိုကာ လူနေအိမ်ရပ်ကွက်အဖြစ် သက်ဆိုင်ရာက တရားဝင်သတ်မှတ်ပေးခြင်းမရှိ၍ ဧည့်စာရင်းတိုင်ကြားနေရခြင်းဖြစ်ကာ တိုင်ကြားမှုအတွင်း လူတစ်ဦးချင်းစီအလိုက် ငွေကြေးကောက်ခံနေသဖြင့် လူဦးရေများသော မိသားစုများအနေဖြင့် အခက်ကြုံနေကြရခြင်းဖြစ်သည်။
အမည်မဖော်လိုသူ မြကန်သာရွာသားတစ်ဦးက "ကျနော်တို့ ဆင်းရဲသူဆင်းရဲသား၊ လက်လုပ်လက်စားတွေ နေထိုင်တဲ့နေရာပါ။ အခု ဧည့်စာရင်းတိုင်ရင် တစ်အိမ်ကို ၁၀၀၀ တောင်မဟုတ်ဘူး။ တစ်အိမ်မှာ လူ ၅ ယောက်ရှိရင် ၅၀၀၀၊ ၁၂ ယောက်ရှိတဲ့အိမ်တွေလည်းရှိတယ်။ ၁၂ ယောက်ရှိတဲ့အိမ်ဆို ၁၂၀၀၀ ကောက်ပါတယ်။ အဆုံးမှာ အဆိုးဆုံးက ကိုယ်ဝန်သည်မိခင်ဆိုရင် မိခင်အတွက် ၁၀၀၀၊ ဗိုက်က ကလေးအတွက် ၅၀၀ ကောက်ပါတယ်" ဟု ပြောသည်။
ထိုငွေများကို ကလာဘာတောင်ရပ်ကွက်ဥက္ကဋ္ဌက ဧည့်စာရင်းတိုင်ကြားသည့်အခါ ကောက်ခံသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဇူလိုင် ၂၆ ရက် ညအချိန်တွင် ကျောက်ဖြူအခြေစိုက် ခမရ (၅၄၂)တပ်ရင်း၊ ခလရ (၃၄)တပ်ရင်းတို့က စစ်သားများနှင့်အတူ ရဲ၊ လဝက ဝန်ထမ်းများသည် ကလာဘာတောင်ရပ်ကွက်ဥက္ကဋ္ဌကိုခေါ်ယူ၍ မြကန်သာရပ်ကွက်သို့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ပြီး အမျိုးသား ၁၈ ဦးကို ဧည့်စာရင်း မတိုင်ကြား၍ဟုဆိုကာ ဖမ်းဆီးခဲ့သည်။
၎င်းဖမ်းဆီးခံရသူများမှာ မြကန်သာတွင်နေထိုင်သည့် သာမန်လက်လုပ်လက်စားများဖြစ်ကြသဖြင့် ဖမ်းဆီးပြီး နောက်တစ်နေ့ ဇူလိုင်လ ၂၇ ရက်တွင် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
ယင်းနောက်ပိုင်းမှစ၍ ဧည့်စာရင်းမတိုင်သူများကို ဖမ်းဆီးမည်ဆိုသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်းတိုင်ကြားရာတွင် အိမ်ထောင်စုအလိုက်မဟုတ်ဘဲ လူဦးအရေလိုက် တစ်ဦးကို ၁၀၀၀ ကျပ် ကောက်ခံနေသဖြင့် တစ်နေ့လုပ်မှ တစ်နေ့စားနေရသည့် မိသားစုအများအပြားမှာ အခက်တွေ့နေကြရသည်ဟု မြကန်သာရွာသားများက နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။
ဧည့်စာရင်းမတိုင်ကြားရ၍ တစ်ည အဖမ်းဆီးခံခဲ့ရသူတစ်ဦးက "ဇူလိုင် ၂၆ ရက်နေ့ ညက ဗလိုင်းကြီးဝင်ဖမ်းတာ။ အိမ်ကိုဝင်ပြီး အိပ်နေတာကိုဖမ်းတာပါ။ သန်းခေါင်စာရင်းလည်း ပြနိုင်တယ်။ ဥက္ကဋ္ဌဆီကပေးထားတဲ့ အိမ်ထောင်စုတွေလည်းပြနိုင်တယ်။ မှတ်ပုံတင်လည်း ပြတယ်။ ဒါကို ဧည့်စာရင်းမတိုင်လို့ ဆိုပြီး တက်ဖမ်းတာ။ နောက်တစ်နေ့ မနက် ခံဝန်နဲ့ပြန်လွှတ်လိုက်တယ်”ဟု ပြောဆိုသည်။
နေရာတစ်ခုတွင် ၁၈ နှစ်နီးပါးနေလာပြီး အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များကို ပြနိုင်ပါလျက် ဖမ်းဆီးခြင်း၊ ဧည့်စာရင်းတိုင်ကြားခြင်းများကို ပြုလုပ်ခြင်းနေခြင်းမှာ ဆင်းရဲသူ ဆင်းရဲသားများကို အနိုင်ကျင့်နေသည့် ပုံစံဖြစ်နေပြီး ဥပဒေကို လိုသည်ထက် ပိုမိုအသုံးချနေခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ကိုပြန်လွှတ်တော့ မြို့မစခန်းမှူးကို ပိုက်ဆံပေးရမလားလို့ မေးတော့ သူကပေးစရာမလိုဘူးလို့ပြောတယ်။ အပြင်ရောက်တော့ အဖမ်းခံရသူ ၁၈ ယောက်ကို တစ်ယောက်ကို ၅၀၀၀ စီတောင်းပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက။ စခန်းမှူးကိုသွားမေးတော့ ပေးစရာမလိုဘူးလို့ ပြောလိုက်တယ်။ အဲ့ဒါကြောင့် ဘယ်သူမှပေးစရာမလိုလိုက်ဘဲ ပြန်လွတ်လာတယ်။ ပြန်ရောက်တာနဲ့ သူ (ဥက္ကဋ္ဌ) က အားလုံးသူကို ဘာပြောလဲဆိုတော့ ဧည့်စာရင်းမတိုင်ရင် နောက် ဒီထက်ဆိုးတာတွေ ဖြစ်လာမယ်။ နောက်ထပ် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဆိုတော့ တစ်ရွာလုံးကကြောက်ပြီး ဧည့်သွားတိုင်ရပါတယ်" ဟု ပြောသည်။
ယခုကဲ့သို့ ငွေကြေးကောက်ခံသည့်ကိစ္စများနှင့်ပတ်သက်၍ ကလာဘာတောင်ရပ်ကွက်ဥက္ကဋ္ဌကို နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ သူအနေဖြင့် ရဲစခန်းသွားရ၊ စစ်သားများလာလျှင်လည်း နောက်က လိုက်ရ၊ လော်စပီကာငှားပြီး ဧည့်စာရင်းတိုင်ရန် ကြေညာမှုများ ပြုလုပ်ရသဖြင့် ငွေကြေးအကုန်အကျများ၍ ၎င်းငွေကို ကောက်ခံရခြင်းဖြစ်ကြောင်း ပြောကြားသည်။
"ကျနော်တို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးကိုသာ မေးကြည့်လိုက်ပါ။ ကျနော်တို့ ဘယ်လောက်အခက်အခဲနဲ့ရင်ဆိုင်နေရလဲဆိုတာ အားလုံးသူ သိကြပါတယ်။ ဧည့်စာရင်းတိုင်ကြပါလို့ ကျနော် တစ်ခါအော်ခိုင်းရင် ကားခ၊ ဆီခ သူတို့တို့ကို ၁၅၀၀၀ ပေးရပါတယ်။ ဧည့်စာရင်းတိုင်ဖို့ လေးခါ အော်လည်း မတိုင်၊ ၅ ခါအော်လည်းမတိုင်။ ဖမ်းရင် သူတို့ တစ်ကျပ်မှမကုန်ဘူး။ ကျနော်သာ ကားငှားရ၊ ဟိုသွားရ၊ ဒီလာရ။ ပိုက်ဆံတွေ ကုန်ရတယ်။ ကျနော်လည်း မတတ်နိုင်ဘူး။ ဒီတော့ ဧည့်စာရင်းတိုင်ရင် ပိုက်ဆံ ကောက်ရတာဖြစ်တယ်” ဟု ပြောဆိုသည်။
၎င်းပြင် ကိုယ်ဝန်ဆောင်များကို ပိုက်ဆံ ၅၀၀ တိုးကောက်ရခြင်းမှာလည်း ကိုယ်ဝန်ဆောင်စာရင်း တင်ရာတွင် ကုန်ကျမှုများရှိနေ၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကိုယ်ဝန်ဆောင်စာရင်းသွားတင်ရင် ဒီအတိုင်း တင်လို့ မရဘူး။ ဒီလို အခက်အခဲတွေ အများကြီး ရှိပါတယ်။ ငွေထုတ်ဖို့သွားရင် လမ်းစရိတ်တွေ ကုန်ကျတယ်။ အခု ၅၀၀/၁၀၀၀ ပေးရတာကို သူတို့ တိုင်တယ်ဆိုတာက မနာလိုမုန်းတီးမှုတွေကြောင့် ပြောကြတာပါ။ ဧည့်စာရင်းတိုင်ရလို့ စိတ်ဆိုးပြီး ပြောကြတာဖြစ်တယ်" ဟုပြောသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစကာ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ဧည့်စာရင်းစစ်ဆေးမှုများအား ပြန်လည်ပြုလုပ်လာခဲ့သဖြင့် ပြည်သူများမှာ အခက်အခဲများနှင့် ယခုလို ကြုံနေကြရခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဧည့်စာရင်းစစ်ဆေးမှုကို စစ်ကောင်စီထိန်းချုပ်ရာ မြို့၊ ရပ်ကွက်နှင့် ကျေးရွာများတွင် မကြာခဏ ပြုလုပ်နေပြီး ဧည့်စာရင်းစစ်ဆေးမှုကို အကြောင်းပြကာ ULA/AA တပ်ဖွဲ့ဝင်များကို ရှာဖွေစစ်ဆေးမှုများ၊ ဆက်စပ်သံသယရှိသူတို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေစစ်ဆေးခြင်းနှင့် ဖမ်းဆီးမှုများကိုလည်း ဆက်တိုက်ရှိနေ၍ ဧည့်စာရင်းဝင်ရောက်စစ်ဆေးမည်ကို ရခိုင်ရှိ လူတိုင်း စိုးရိမ် ကြောက်နေကြရသည်ဟု ဒေသခံများက ပြောသည်။







