ကျောက်တော် မဟာမြတ်မုနိဘုရားတွင် ဒေသခံ ၃ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

ကျောက်တော် မဟာမြတ်မုနိဘုရားတွင် ဒေသခံ ၃ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး
မဟာမြတ်မုနိဘုရား အရှေ့မုဒ်ဝ ဝင်ပေါက်အားတွေ့ရစဉ်။
မဟာမြတ်မုနိဘုရား အရှေ့မုဒ်ဝ ဝင်ပေါက်အားတွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား ကားလမ်းတွင် သရက်တပင်ကျေးရွာသား ၁ ဦးနှင့် အခြားကျေးရွာသား ၂ ဦးတို့ကို ဘုရားတွင် တပ်စွဲနေထိုင်ကြသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁၂ ကျော်အချိန်က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှသိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ ရွာဟောင်းရပ်ကွက်မှ အသက်(၅၃)နှစ်အရွယ် ဦးမောင်စောသာနှင့် အခြားကျေးရွာ(စုံစမ်းဆဲ)မှ ဒေသခံနှစ်ဦးဖြစ်ကြောင်း သရက်တပင်ကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။

“သူတို့က မဟာမြတ်မုနိဘုရားရှေ့က ထမင်းဆိုင်မှာ အဖမ်းခံရတာ။ သရက်တပင်က တစ်ယောက်ပါတယ်။ ကျန်နှစ်ယောက်ကိုတော့ ကျွန်တော်လည်းမသိသေးဘူး။ ဖမ်းတာကတော့ မဟာမြတ်မုနိဘုရားပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းတာပါ။ သူတို့က ရခိုင်တွေဆိုရင် AA လို့သတ်မှတ်ပြီးတော့ ဖမ်းနေတာ”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသည့် ဦးမောင်စောသာမှာ နှစ်ဘီးဆိုင်ကယ် (ကယ်ရီ)မောင်းနေသူဖြစ်ပြီး ယနေ့နံနက် ၁၁ နာရီကျော်ခန့်က ခရီးသည်နှစ်ဦးအား မဟာမြတ်မုနိဘုရားသို့သွားပို့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူဒေါ်မအေးခင်က DMG သို့ပြောသည်။

“သူက ကယ်ရီမောင်းပါတယ်။ ဒီနေ့နံနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ ဆိုင်ကယ်ယူပြီးတော့ အိမ်ကနေထွက်သွားတာ။ အဖမ်းခံရတယ်လို့ ကြားရတယ်။ သူနဲ့အတူ နောက်နှစ်ယောက်ပါတယ်လို့ သိရတယ်။ ဖမ်းတာကတော့ မဟာမြတ်မုနိဘုရားမှာရှိတဲ့ စစ်သားတွေက ဖမ်းတာလို့သိရပါတယ်။ ကျွန်မအိမ်ရှင်က ကယ်ရီမောင်းနေတာပါ၊ သူ့မှာ ဘာအပြစ်မှမရှိပါဘူး။ နောက်ပြီးတော့ အသက်လည်းကြီးနေပြီ။ အခုလိုဖမ်းဆီးခံရတာ စိုးရိမ်မှုရှိတာပေါ့”ဟု ၎င်းကဆိုသည်။

ဦးမောင်စောသာနှင့်အတူ ဖမ်းဆီးခံရသည့် နောက်ဒေသခံနှစ်ဦးနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မဟာမြတ်မုနိဘုရားပေါ်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက တပ်စွဲနေထိုင်သည်မှာ ၃ နှစ်ကျော်အထိကြာနေပြီဖြစ်ကြောင်းလည်း သိရသည်။

ယခုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ဇွန်လ ၂၁ နေ့ကလည်း ကျောက်တော်မြို့မှ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်း၊ ဦးကျော်သန်းမောင်၊ ကိုဇော်မိုးထက်တို့ကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ာ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိသလို မြန်မာစစ်တပ်ဘက်ကလည်း အရပ်သားများကို သံသဖြင့်ဖမ်းဆီးမှုများရှိနေသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...