ရခိုင်တွင် မိုးအလွန်ခေါင်နေ၍ အစ္စလာမ်ဘာသာဝင်များလည်း မိုးခေါ်ပွဲကျင်းပလာ

ရခိုင်တွင် မိုးအလွန်ခေါင်နေ၍ အစ္စလာမ်ဘာသာဝင်များလည်း မိုးခေါ်ပွဲကျင်းပလာ
စမ္ဘလယ်ရွာတွင် ပြုလုပ်နေသည့် အစ္စလာမ်ဘာသာဝင်များ၏ မိုးခေါ်သည့်ဆုတောင်းပွဲအားတွေ့ရစဉ်။ Photo - အမ်းသားကြီး၊ နိရဥ္စရာနှင့် Ko Zin Maung Twan
စမ္ဘလယ်ရွာတွင် ပြုလုပ်နေသည့် အစ္စလာမ်ဘာသာဝင်များ၏ မိုးခေါ်သည့်ဆုတောင်းပွဲအားတွေ့ရစဉ်။ Photo - အမ်းသားကြီး၊ နိရဥ္စရာနှင့် Ko Zin Maung Twan

ရခိုင်တွင် ယခုနှစ်အတွင်း မိုးအလွန်ခေါင်နေ၍ အစ္စလာမ်ဘာသာဝင်များလည်း မိုးခေါ်ပွဲကျင်းပလာသည်ဟု သိရသည်။

မင်းပြားမြို့နယ် စမ္ဘလယ်မူဆလင်ကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၁၁ နာရီခွဲမှစတင်ကာ မိုးခေါ်သည့်ဆုတောင်းပွဲကို ရွာပြင်ရှိ လယ်ကွင်းပြင်၌ ၃ ရက်ကြာ ပြုလုပ်နေခြင်းဖြစ်သည်။

ရခိုင်တွင် မိုးအလွန်နည်း၍ မိုးရွာစေရန် ပြီးခဲ့သည့်ဇူလိုင်လ ၁၇ ရက်က မင်းပြားမြို့ပေါ်တွင် ဆရာတော်ကြီး (၉)ပါးနှင့် ရပ်မိရပ်ဖတို့က မြို့လယ်ရှိ ဓမ္မာရုံ၌ ငါးရံ့မင်းပရိတ်ရွတ်ဖတ်ပူဇော်ကာ မိုးခေါ်ပွဲပြုလုပ်ခဲ့ကြပြီးနောက် မူဆလင်များကလည်း ယခုကဲ့သို့ မိုးခေါ်ပွဲကျင်းပလာခြင်းဖြစ်သည်။

မူဆလင်များ၏မိုးခေါ်သည့်ဆုတောင်းပွဲတွင် စမ္ဘလယ်ကျေးရွာမှ မူဆလင်ဘာသာရေးခေါင်းဆောင် ၂ဝ ဦးက အစ္စလမ်ဘာသာ၏ ကုရ်အာန်ကျမ်းတွင်ပါဝင်သည့် မိုးရွာစေသည့်ကျမ်းစာကိုရွတ်ဖတ်ကာ ရွာသားစုစုပေါင်း ၁ဝဝ ကျော်ခန့်က မိုးရွာစေရန်ဆုတောင်းခဲ့ကြသည်ဟု စမ္ဘလယ်ကျေးရွာတာဝန်ခံ ဦးရော်ဖီးလ်က နိရဥ္စရာကိုပြောသည်။

“ အစ္စလာမ် ဘာသာရေးဆရာတွေက တရားဟောပါတယ်။ တရားဟောပြီးတော့ ဘာသာရေးဆရာတွေနဲ့ရွာသားတွေက ရွာပြင်မှာဆုတောင်းပါတယ်။ အမျိုးသမီးတွေကတော့ အိမ်တွေကပဲ တပြိုင်တည်းဆုတောင်းကြတယ်”ဟု ပြောသည်။

ယခုဆုတောင်းကိုပွဲကို တစ်နေရာတည်းတွင် ၃ ရက်ကြာ ပြုလုပ်ကြရသည်ဟု သိရသည်။

ယခုကဲ့သို့ ဆုတောင်းပွဲပြုလုပ်ခြင်းအားဖြင့် မိုးရွာလာမည်ဟု ဘာသာရေးအရ ယုံကြည်သည်ဟုလည်း မင်းပြားမြို့နယ်လုံးဆိုင်ရာ အစ္စလာမ်သာသနာရေးကောင်စီဥက္ကဋ္ဌ ဦးစိန်မင်းက နိရဥ္စရာကိုပြောသည်။

“ကျနော်တို့မှာ မိုးမရွာရင် စားနပ်ရိက္ခာတွေ ငတ်မယ်။ အလ္လာလ်အရှင်မြတ် မိုးကို ပေးပါ။ သိကြားမင်းကို ပြောပါ မိုးရွာအောင်။ အဲလိုဆိုပြီးတော့ ခေါ်ကြတာပါ။ ဒီလိုမိုးခေါ်လို့ မိုးရွာလာမယ်လို့လည်း ယုံကြည်မိပါတယ်”ဟု ပြောသည်။

အလားတူ ကျောက်ဖြူမြို့ရှိ သာသနာ့ဗိမာန်နှင့် ငလပွေ့ဆိပ်ကမ်း၊ ပြင်ဖြူမော်၊ ဗျူးပွိုင့်ပင်လယ်ကမ်းစပ်နေရာများတွင်လည်း ယမန်နေ့ ညနေ ၄ နာရီ၌ ဆရာတော်ကြီးအချို့နှင့် မြို့ခံအချို့တို့က ငါးရံ့မင်းပရိတ်တော်ကိုလှည့်လည်ရွတ်ဖတ်ကာ မိုးခေါ်ခဲ့ကြသည်ဟု သိရသည်။

ရခိုင်တွင် ယခုနှစ်အတွင်း မိုးအလွန်နည်း၍ လယ်သမားများတွင် စိုက်ပျိုးထားသည့်စပါးခင်းများသည် ပျက်စီးလာနေပြီး လယ်သမားများတွင် ဆုံးရှုံးနစ်နာမှု များစွာဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ရခိုင်မှ လယ်သမားများသည် ယခုနှစ်အတွင်း ဘဏ်ချေးငွေမရခြင်းနှင့်အတူ ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် ထွန်ယက်စိုက်ပျိုးစရိတ်များ အလွန်တရာ မြင့်တက်နေ၍ လယ်သမားအများအပြား လယ်ယာလုပ်ငန်းခွင်ကို စွန့်လွှတ်သွားခဲ့ရသည်ဟု သိရသည်။

အခက်အခဲအမျိုးမျိုးကြားမှ စိုက်ပျိုးနိုင်ခဲ့သည့်လယ်ယာမြေများသည်လည်း ယခုတဖန် မိုးခေါင်နေမှုကြောင့် ပျက်စီးဆုံးရှုံးလာနေခြင်းဖြစ်သည်။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...