စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား၍ ဒေသခံ ၅၀၀ ကျော် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်ခိုလှုံနေရ

စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား၍ ဒေသခံ ၅၀၀ ကျော် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်ခိုလှုံနေရ

မြဝတီမြို့တောင်ဘက်ရှိ ဝေါလေဒေသ ရွှေအေးမြိုင်ကျေးရွာဘက်တွင် ဝေါလေစစ်ဗျူဟာ စစ်ကောင်စီစစ် ကြောင်းနှင့်ကော်သူးလေ တပ်မတော်၏ Venom (ဗွီနွမ်)စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံ ၅၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံစစ်ရှောင်ခိုလှုံနေကြရသည်ဟု သိရသည်။

ဇူလိုင်လ ၂၇ ရက် ယမန့်နေ့ ၃၁ ရက်နေ့အထိ တကျော့ပြန် ပြန်လည်ဖြစ်ပွားနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကော်သူးလေတပ်မတော်၏ Venom စစ်ကြောင်းတို့ တိုက်ပွဲကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်မှ ထိုင်းဘက် ကမ်းယာယီစစ်ရှောင်စခန်းဘက်မှ နေရပ်သို့ ပြန်လာနေထိုင်ကြသည့် ဒေသခံ ၅၀၀ ကျော်မှာ ယခုထိုင်းဘက်သို့ ပြန်လည်ထပ်မံထွက်ပြေး စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်နေရသူများက ပြောသည်။

ရွှေအေးမြိုင်ကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ” ထိုင်းစစ်တပ်က အကုန်ပြန်ကူးခိုင်းပြီး ၂ ရက်အကြာ မှာပဲ တိုက်ပွဲက ပြန်ဖြစ်တော့ သူတို့ ထိုင်းဘက်တစ်ခါ ပြန်ကူးပြေးလာ ကြရတယ်၊ အခု မော်ကိုထိုင်း ရွာထဲနဲ့ဘုန်းကြီးကျောင်းမှာ ပေးနေထားတယ်။ ဒီနေ့ မနက်အထိဆို လူ ၅၀၀ ကျော်လောက် ဒီဘက်ကမ်းကို ရောက်လာတာ၊ တချို့လည်း သောင်ရင်းမြစ်ကမ်းနားမှာ အခြေအနေကြည့်ရင်းနေနေကြတယ် ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဝါးမီးထ၊ ထီးသဲဘလယ်ဒေသများဘက်နေထိုင်သော ဒေသခံများအနေဖြင့် ဝေါလေစစ်ဗျူဟာကုန်းနှင့် စစ်ကြောင်းများမှ ပစ်ခတ်သည့်လက်နက်ကြီးကျည်များနေရာစုံ ကျရောက်ပေါက်ကွဲနေမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ထပ်မံစစ်ဘေးရှောင်နေကြရာတွင် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးနေရာများနှင့်ထိုင်းနိုင်ငံဘက် ဝေါလေမော်ကို ထိုင်းရွာဘက်တွင် စစ်ရှောင်များ စားသောက် စရာ နေရာထိုင်ခင်းလိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင် ကူညီနေသူက ယခုလို ပြောသည်။

“ကျနော်တို့က ၂၉ ရက်က စစ်ရှောင်ကူဖို့ စားစရာသွားပေးရာမှာ ထိုင်းစစ်တပ်က အသွားအလာ တင်းကြပ် ထား တော့ ဝေါလေ-မော်ကိုထိုင်းဘုန်းကြီးကျောင်းမှာပဲ စားစရာတွေချထားပေးခဲ့တယ်၊ အဲ့အချိန်မှာ လူ ၂၀၀ လောက် ကမ်းကူးပြီးရောက်လာနေပြီ ။ ဖုတ်ဖရနဲ့ဝေါလေအကြားမှာရှိတဲ့ မိုကိုထိုင်းဘုန်းကြီးကျောင်းဘက်ကို ပြန်ရှောင်လာကြတယ်။ အခုဒီနေ့သိရတာအဲ့ဒီမှာ လူ ၅၀၀ လောက် ပြန်စစ်ရှောင်လာရတယ်၊ တိုက်ပွဲက ဝါးမီးထရွာနဲ့ ရွှေအေးမြိုင်ရွာ အကြားမှာပစ်နေတာဆိုတော့ လတ်တလော စားဖို့သောက်ဖို့ လိုအပ်နေတယ်”ဟု စစ်ဘေးရှောင်များထံ စားသောက်စရာကူညီနေသူတစ်ဦးက ပြောသည်။

ယခု ရက်ပိုင်းအတွင်း ဝေါလေဗျူဟာကုန်း စစ်ကောင်စီစခန်းမှ စစ်ကြောင်းများ ရွှေအေးမြိုင်၊ ဝါးမီးထ၊ ထီးသဲဘလယ်၊ ဥကရစ်ထ ကျေးရွာများဘက် နယ်မြေရှင်းလင်းရေး စစ်ကြောင်းသွားလာနေသည့် အခြေ အနေအား ဇူလိုင်လအတွင်း အသစ်ထပ်မံဖွဲ့စည်းထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကော်သူးလေတပ်မတော်၏ Venom စစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် နှစ်ဖက်အကျအဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေကြောင်း သိရှိရသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီနယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ကော့ကရိတ် မောင်းမရွာသစ်ကုန်းဘက်တွင် KNLA ပူးပေါင်းကျားဖြူ စစ်ကြောင်း၊ မြ၀တီ-ဖလူး-ဝေါလေ လမ်းပိုင်းတွင် KNLA ပူးပေါင်းကော်ဘရာစစ်ကြောင်း နှင့် ဝေါလေ-ဥကရစ်ထ လမ်းပိုင်းတွင် ကော်သူးလေတပ်မတော်၏ ဗွီနွမ်စစ်ကြောင်းများနှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် စစ်ကောင်စီဘက်က ဖျက်အားပြင်း ဟောင်ဝှစ်ဇာအမြှောက်လက်နက်ကြီး အသုံးပြုပစ်ခတ်မှုများ အရှိန်မြင့်တိုက်ခိုက်လာသည့်အတွက် စစ်ဘေးရှောင်ဒေသခံများ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းအထိ ထိုင်းနိုင်ငံဘက် ဆက်လက်စစ်ဘေးရှောင်လာနေကြရကြောင်း ဝေါလေဒေသခံများ၏ ပြောစကားအရ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...