စစ်တပ်ကဖမ်းဆီးထားသည့် လူငယ်နှစ်ဦးကို တစ်လကျော်ကြာသည့်တိုင် မိသားစုနှင့်တွေ့ခွင့်မရသေး

စစ်တပ်ကဖမ်းဆီးထားသည့် လူငယ်နှစ်ဦးကို တစ်လကျော်ကြာသည့်တိုင် မိသားစုနှင့်တွေ့ခွင့်မရသေး

မြန်မာစစ်တပ်ကဖမ်းဆီးထားသော ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အသက် ၁၈ နှစ်အောက် လူငယ်နှစ်ဦးကို တစ်လကျော်ကြာသည့်တိုင် မိသားစုဝင်များ တွေ့ခွင့်မရသေးကြောင်း သိရသည်။

အသက် ၁၇ နှစ်အရွယ် မောင်မင်းအောင်ခိုင်နှင့် အသက် ၁၈ နှစ်အရွယ် မောင်နိုင်မျိုးထွန်းတို့ကို ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ပေါ်တွင် စစ်တပ်ကဖမ်းဆီးသွားခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ ၎င်းတို့ကို မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို မသိရသေးပေ။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဖမ်းဆီးခံရသူ ၈ ဦးအနက် ၆ ဦးကို ရုံးထုတ်မည်ဆိုသောသတင်းကြောင့် တရားရုံးသို့သွားရောက်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးကိုမမြင်တွေ့ခဲ့ရကြောင်း မောင်နိုင်မျိုးထွန်း၏ ဖခင် ဦးစိုးနိုင်ဝင်းကပြောသည်။

“သူတို့ကို ဘာကြောင့်ဖမ်းထားမှန်းလည်း မသိရဘူး။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးဘူး။ ကျနော်သား မျက်နှာကိုလည်း မတွေ့ခဲ့ရတော့ စိတ်ပူရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ သူတို့ကိုဖမ်းကတည်းကနေ ခုချိန်ထိ လုံးဝအဆက်အသွယ်မရသေးပါဘူး။ ပုဏ္ဏားကျွန်းက ၆ ယောက် ရုံးချိန်းရှိတယ်ဆိုလို့ ကျနော့်တို့သားများ ပါမလားဆိုပြီးသွားကြည့်တာ။ ကျနော့်သားကို တွေ့လည်းမတွေ့ခဲ့ရဘူး”ဟု သူကပြောသည်။

အဆိုပါ နှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များမှာ အကျဉ်းထောင်များ၊ ရဲစခန်းများနှင့် စရဖရုံးများသို့ သွားရောက်စုံစမ်းသော်လည်း ၎င်းတို့မရှိကြောင်းတုန့်ပြန်လိုက်သဖြင့် သတင်းအစအန လုံးဝမရရှိသေးကြောင်း ဦးစိုးနိုင်ဝင်းကဆက်ပြောသည်။

“မိဘတွေမှာတော့ သားသမီးကို တွေ့ချင်စိတ်ကရှိကြတာပဲလေ။ ကိုယ့်သားသမီး ဘာဖြစ်နေမလဲ။ စားဝတ်နေရေးအတွက်လည်း စိတ်ပူတယ်။ နေရေးထိုင်ရေးအတွက်လည်း စိတ်ပူတယ်။ ကျနော်တို့သားတွေကို သူတို့(စစ်ကောင်စီ)က ထုတ်မပြတော့ ကျနော်တို့တွေ့မြင်ရတာ တစ်ခုမှမရှိဘူး။ ပတ်ဝန်းကျင်ပြော စကားလောက်ပဲ ကျနော်ကိုသိရတာ၊ ကြားရတာ အဲဒီပြောစကားနဲ့ပဲ ကျနော်တို့သားတွေ လိုက်ရှာနေရတာပါ”ဟု သူကဆိုသည်။

ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်က စစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိပျောက်ဆုံးနေသည့် လူငယ်နှစ်ဦးအပါအဝင် စုစုပေါင်းဒေသခံ ၈ ဦးကို မြန်မာစစ်တပ်ဘက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...