ဗိုလ်စလုံး ဦးစီးသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆင်ဖြူစစ်ကြောင်းအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြမှ အသစ်ဖွဲ့စည်းလိုက်သော ကော်သူးလေ တပ်မတော်နှင့် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း ဇူလိုင်လ ၂၅ နေ့ ရက်စွဲဖြင့် ဗိုလ်စလုံးကိုယ်တိုင် လက်မှတ်ရေးထိုး ကြေညာလိုက်သည်။
ဗိုလ်စလုံးသည် ယခင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ အင်အား ၂၀၀ ကျော်ဖြင့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)ထဲသို့ ပြန်လည်ပူးပေါင်းဝင် ရောက် လာပြီး KNDO ၏ အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ရင်းမှူးအဖြစ် တာဝန်ပေးခြင်းခံခဲ့ရသလို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဌာနအောက်ရှိ တောင်ပိုင်းတိုင်းစစ်ဒေသ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)၏ ဆင်ဖြူစစ်ကြောင်းတွင်လည်း တပ်ရင်းမှူးအနေဖြင့် တာဝန်နှစ်ခုရယူထားသူဖြစ်သည်။
ဗိုလ်စလုံးက “ကော်သူးလေအာမီဆိုတာက စစ်တပ်နဲ့ ပူးပေါင်းတဲ့သူတွေနဲ့ မဆိုင်ဘူး။ ကော်သူးလေ အာမီက တိုင်းပြည်ရဖို့အတွက်ပဲ တိုက်နေတဲ့အဖွဲ့။ အဲ့ဒါကြောင့် ကျနော်တို့က တိုင်းပြည်ရဖို့အတွက် စိတ်အားထက် သန်တိုက်ခိုက်နေတဲ့သူတွေဖြစ်တယ်။ စစ်တပ်နဲ့သွားပြီး လက်မှတ်ထိုးပြီး အချိန်ကုန်ခံနေလို့ မပြီးတော့ဘူး။ စစ်အာဏာရှင်တွေက လိမ်လာခဲ့တာ တစ်နှစ်ပြီးတစ်နှစ် သူတို့ကို နားထောင်နေစရာမလိုတော့ဘူး။ တိုင်းပြည်ရဖို့အတွက်ဆိုရင် တိုက်ယူမှ ရတော့မယ်။ ” ဟု ကေအိုင်စီ သို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ကော်သူးလေ တပ်မတော်ကို ဖွဲ့စည်းတည်ထောင်လိုက်ပြီးနောက် ၎င်းအဖွဲ့ နှင့် ပူးပေါင်းလိုက်ကြောင်း လက်ရှိ ဗိုလ်စလုံးဦးစီးသည့် ဆင်ဖြူစစ်ကြောင်း အပါအဝင် စောဝင်းမြင့် ဦးစီးသည့် VENOM ကွန်မန်ဒိုစစ်ကြောင်း၊ တင်္သာရီတိုင်းဒေသ ကေအဲန်ယူ တပ်မဟာ(၄) နယ်မြေမှ ဗိုလ်အယ်ကွီး(ခေါ်) စောကော်လာ ဦးစီးသည့် KNDO အထူးတပ်ရင်း၊ စောအယ်စေးဝါး ဦးဆောင်သည့် KNDO ကွန်မန်ဒို အထူးတပ်ရင်းနှင့် စောဟင်နရီ ဦးဆောင်သည့် KNDO တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကြောင်း အသီးသီး ထုတ်ပြန်ပြောဆိုထားသည်။
ထို့အပြင် ကော်သူးလေတပ်မတော်၏ ရပ်တည်မှုနှင့် ဦးတည်ချက်သည် ယခင်အတိုင်း မပြောင်းလဲဘဲ အာဏာ သိမ်းစစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်သဖြင့် ဒုဗိုလ်မှူးကြီး စောစလုံးအနေဖြင့် ဆက်လက် ပူးပေါင်း ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုအပေါ် ဆင်ဖြူစစ်ကြောင်းမှ ရဲဘော် ရဲဘက် အားလုံးလည်း လက်ခံယုံကြည်သည့်အတွက် ပါဝင်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်သည့် PDF ဆင်ဖြူစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
လက်ရှိ ကော်သူးလေတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအကြား ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့သလို သက်ဆိုင်ရာ ကေအဲန်ယူ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို ဌာနချုပ်တို့မှလည်း ၎င်းဖွဲ့အစည်းမှုအပေါ် ၎င်းတို့၏ သဘောထားမပါဝင်ကြောင်း နှင့် လေးကေကော် ဒေသ တွင် စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ရာတွင် ပါဝင်သည့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော အနေဖြင့်လည်း လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားသည်။







