ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်ဆိုတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကတိပြုမှုဟာ မရေရာမှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ သူရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ် အနာဂတ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလာတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ စစ်ကောင်စီဘက်က ကတိပြုမှုဟာ တိကျတဲ့ အချိန်ကာလသတ်မှတ်ချက် မရှိသေးတဲ့အတွက် မရေရာမှုတွေ ရှိနေသလို စစ်ကောင်စီအနေနဲ့ အကြပ်အတည်းနဲ့ ပိုမိုရင်ဆိုင်ရမှ ဒီကိစ္စအပေါ် စဉ်းစားလာနိုင်တယ်လို့ ပြောပါတယ်။
“အခုချိန်မှာတော့ စဉ်းစားအုံးမှာ မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူတို့ တစ်စုံတစ်ရာ ရပ်တည်လို့ရတဲ့အခြေအနေ ဖြစ်နေတဲ့အတွက် ဒီထက်ပိုပြီးတော့ နိုင်ငံတကာဖိအား ၊ပြည်တွင်းက တိုက်ပွဲအရှိန်အဟုန်တွေ မြင့်ပြီး အကြပ်အတည်းကြီးလာရင်တော့ အဲဒီကိစ္စ စဥ်းစားလာလိမ့်မယ်လို့ ထင်ပါတယ်။ဒါပေမယ့် အဲဒီလို စဥ်းစားသည့်တိုင်အောင် ဘာမှ ထိရောက်တဲ့ ဖြေရှင်းမှုတော့ ဖြစ်မယ်လို့ မထင်ပါဘူး”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းကတော့ မြန်မာ့အကြပ်အတည်းကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကို အသုံးပြုလိုကြောင်းနဲ့ သူ့ရဲ့ အကြမ်းမဖက်ရေးမူအရ လက်နက်ကိုင်အဖွဲ့တွေအပေါ် ဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာ မေးဖို့ရှိတယ်လို့ CNA သတင်းဌာနကို ဖြေဆိုထားတာပါ။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသား တစ်ယောက်အနေနဲ့သာ တွေ့ဆုံခွင့်ပေးနိုင်ကြောင်းနဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ နိုင်ငံရေးကြားခံအဖြစ် အသုံးပြုဖို့ မဖြစ်နိုင်သေးဘူးလို့ မှတ်ချက်ပြုပါတယ်။
“အကျဥ်းအကြပ်ထဲကနေပြီးတော့ အချုပ်သားတစ်ယောက်အနေနဲ့ ထောင်သားတစ်ယောက်အနေနဲ့ အဲသလောက်ပဲ သုံးခွင့်ပေးမယ်၊ ဆွေးနွေးခွင့်ပေးမယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် သူ့ကို အပြစ်ဒဏ်တွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ တစ်ခြား နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ရော ပြည်တွင်းမှာရော သူ့ကို နိုင်ငံရေး ကြားခံအနေနဲ့ အသုံးချမယ်၊ လိုအပ်တဲ့ နေရာမှာ သုံးမယ်ဆိုတာ ကတော့ အခုအခြေအနေနဲ့တော်တော့်ကို ဝေးသေးတယ်လို့ ကျွန်တော် ထင်တယ်”လို့ သူက သုံးသပ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ သူတို့ရည်မှန်းထားတဲ့ ၂၀၂၃ အထွေထွေရွေးကောက်ပွဲအလွန် ကာလလောက်မှာသာ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမယ့် အခြေအနေ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့ဆိုရင် အစိုးရကို မဖျက်ဆီးဖို့၊ အစားမထိုးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းရေးဆွေးဆွေးမှုရဲ့ အခြေခံမူအဖြစ် သတ်မှတ်ဖို့ဆိုတဲ့ ကြိုတင်ကန့်သတ်ချက် သုံးချက်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုထားပါတယ်။







