ဂတ်စ်အသုံးပြုနေရသည့် YBS ယာဉ်လိုင်းများ အစီးရေ အပြည့်မထွက်နိုင်သဖြင့် ပရဟိတ ကားများ ခရီးစဉ်သတ်မှတ်ပို့ဆောင်၍ အကူအညီပေး

ဂတ်စ်အသုံးပြုနေရသည့် YBS ယာဉ်လိုင်းများ အစီးရေ အပြည့်မထွက်နိုင်သဖြင့် ပရဟိတ ကားများ ခရီးစဉ်သတ်မှတ်ပို့ဆောင်၍ အကူအညီပေး

ရန်ကုန်တွင် CNG မလုံလောက်ခြင်းကြောင့် ဇူလိုင် ၂၂ ရက်နေ့မှ စတင်၍ ဂတ်စ်အသုံးပြုသည့် YBS ယာဉ်လိုင်းများ အစီးရေ အပြည့်ထွက်နိုင်ခြင်း မရှိ၍ ဘတ်စ်ကား စီးနင်းသူများ အခက်အခဲကြုံတွေ့ရသည့် အတွက် ပရဟိတကားများ ခရီးစဉ်သတ်မှတ်၍ တနိုင်တစ်ပိုင် ပို့ဆောင်ပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ပို့ဆောင်ရာတွင် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကားများ၊ ပရဟိတ ဆောင်ရွက်လိုသူမျာသည်း ရုံးသွား၊ ရုံးပြန်ချိန် မနက်ပိုင်း နှင့် ညနေပိုင်း များတွင် အဓိကထားကာ ကူညီပေးနေရကြောင်း ပရဟိတသမား တစ်ဦးထံက သိရသည်။

“ဒီနေ့လည်း မနေ့ ညနေကလိုပါပဲ။ ကျွန်တော်တို့ကူညီဖြစ်ပါတယ်။ တစ်ချိန်လုံး ပြေးဆွဲ နေတာမျိုးမဟုတ်ဘဲ မနက်ဆို ၇ နာရီ၊ ၇ နာရီခွဲ၊ ၈ နာရီ အဲ့လို လူထွက်များတဲ့အချိန်တွေကို စုရပ်မှတ်တိုင်တစ်ခုမှာစောင့်ပြီး မနေ့ညထဲက အွန်လိုင်းမှာ ကြိုကြေညာထားလိုက်ပါတယ်။ ကားလူပြည့်တာနဲ့ လှည်းတန်းကား၊ ဆူးလေကား စသည်ဖြင့် ခွဲထွက်ပြီး လမ်းကြောင်းသင့်ရာ တစ်လျှောက်ကြိုမေးပြီး လိုက်ပို့ပေးဖြစ်ပါတယ်” ဟု ပြောသည်။

ဇောတိက ဂတ်စ်ပိုက်လိုင်း ပေါက်သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG မလုံလောက်မှု၊ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဇူလိုင်လ ၂၁ ရက်နေ့ ညနေမှစတင်ကာ ဂတ်စ်အရောင်းဆိုင်များတွင် ကားများတန်းစီစောင့်ဆိုင်းခဲ့ရပြီး ဂတ်စ်အသုံးပြု YBS ယာဉ်လိုင်းများ ပါဝင်ခဲ့ခြင်းကြောင့် အစီးရေအပြည့် မထွက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ကားစောင့်ဆိုင်းရသည့် အခြေအနေမှာ ယမန်နေ့က ကဲ့သို့ အခြေအနေမဆိုးဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

“မနက်က ၈ နာရီ၊ ၈ နာရီခွဲလောက်ရုံးသွားတဲ့အချိန် YBS ပေါ်မှာလူတွေ အပြည့်ပဲတွေ့ခဲ့တယ်။ ကျွန်မကတော့ ဖယ်ရီပေါ်ကနေတွေ့လိုက်တာပါ။ အခု ပလာဇာ ဘက်ကနေ မြောက်ဒဂုံဘက်ပြန်လာတာတော့ ဘတ်ကားပေါ်မှာ လူချောင်နေတယ်။ ရုံးသွား ရုံးပြန်တဲ့အချိန် သင်တန်းတက်တဲ့ ဆင်းတဲ့အချိန်တွေကတော့ အခက်အခဲ တော်တော်ဖြစ်မယ်ထင်တယ်။ တချို့မှတ်တိုင်တွေမှာတော့ ကူပေးတဲ့ကားတွေတွေ့ ရတယ်။ ခရီးစဉ်တူရင် လိုက်စီးလို့ရပါတယ်” ဟု ၎င်းက ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ပြောပြသည်။

ရန်ကုန်မြို့တွင်း ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် ကား များကလည်း ၎င်းတို့ ကားနောက်ခန်း ပစ္စည်းတင်သည့်နေရာတွင် လူဆန့်သလောက် တင်ကာ ပစ္စည်းလမ်းကြောင်း ပို့မည့်နေရာသင့်ပါက လိုက်ပါခွင့်ပြု၍ စာနာမှုဖြင့် ကူညီ ပေးနေကြောင်း သိရသည်။

ယခုကဲ့သို့ CNG မလုံမလောက်ဖြစ်မှုမှာ ခုနစ် ရက်ခန့်ကြာနိုင်မည်ဟု သတင်း ထွက်ပေါ်နေမှုကြောင့် သွားလာရခက်ခဲမှုများ ပိုမိုဆိုးဝါးလာမည်ကို စိတ်ပူနေကြ ကြောင်း YBS အသုံးပြု၍ သွားလာနေရသည့် ပြည်သူများထံက သိရသည်။

“မနှစ်ကဆို COVID တတိယလှိုင်း ဒီအချိန်ပဲ။ အဲ့တော့ အောက်ဆီဂျင်တွေ ပြတ်လို့ ဒုက္ခရောက်လိုက်ကြတာ ကျွန်တော်တို့။ ဒီနှစ်ကြတော့လည်း အမျိုးမျိုးပဲ ကြပ်တည်း လာတာ။ အခုလည်း ဂတ်စ်။ ကားတွေပဲ မဟုတ်ဘူးနော် အိမ်သုံးဂတ်စ်တောင် တစ် ပိဿာ ကျပ် ၁၀,၀၀၀ ဝန်းကျင်ဖြစ်နေတယ်။ စဉ်းစားကြည့်ပေါ့ဗျာ။ အခုလည်း လမ်းပေါ်မှာ ခရီးသည်တွေ ယောက်ယက်ခတ်နေရတာ။ ကူမယ့်သူတွေရှိလို့ပေါ့။ အလုပ်သွားတဲ့ လူက ရုံးကားမရရင် နေ့တိုင်းတက်စီးဖို့မှမလွယ်နိုင်တာ။ အဲ့ဒီတော့ ဒီတစ်ပတ် ဒီလိုဖြစ်တယ်။ နောက်တစ်ပတ်ဘာဖြစ်မလဲဆိုတာကို မတွေးဘဲနဲ့တောင် ပူနေရပြီ” ဟု ပြောသည်။

မြေပြင်တွင် YBS အစီးရေလျော့နည်းပြေးဆွဲရမှုကြောင့် ခရီးသည်များ အခက်အခဲကြုံ တွေ့နေခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ- YRTC အနေဖြင့် ဖြေရှင်းမှုတစ်စုံတစ်ရာပြုလုပ် ပေးခြင်းကို မတွေ့ရှိရသေးပေ။

CNG ဂက်စ်ပိုက်လိုင်းပေါက်ခြင်းအား ပြုပြင်ရန်အတွက် ရက်သတ္တပတ်တစ်ခု ကြာမြင့်နိုင်ခြင်းကြောင့် ရက်အနည်းငယ် ကြာသည့်အထိ ယခုကဲ့သို့ သွားလာရအခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း YBS ယာဉ်မောင်းများနှင့် နီးစပ်သူများထံက တဆင့်သိရသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...