ဒေါ်လာ မလည်ပတ်နိုင်တော့လို့ ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ဆက်လက် မြင့်တက်လာ

ဒေါ်လာ မလည်ပတ်နိုင်တော့လို့ ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ဆက်လက် မြင့်တက်လာ

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာ မလည်ပတ်နိုင်တော့တဲ့အတွက် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ဒေါ်လာကို ကျပ် ၂၄၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာခဲ့ပြီးနောက် ဒေါ်လာဈေးကွက် ရပ်တန့်လုနီးပါး ဖြစ်လာခဲ့တာပါ။

ဒေါ်လာဈေးကွက် လည်ပတ်နိုင်တော့ခြင်း မရှိတာကြောင့် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းဟာ ဇူလိုင် ၂၀ ရက်နေ့မှာ တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာသလို လက်လီဈေးကွက်မှာတော့ တစ်ပိဿာကျပ် ၉၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

စားအုန်းဆီ ဈေးနှုန်း မြင့်တက်လာရတာဟာ ဒေါ်လာငွေကို ကိုယ်တိုင် ဝယ်ယူနေတာအပြင် စစ်ကောင်စီက ဆီတန်ချိန်ထုတ်ပေးမှု လျော့ချထားတာကြောင့် ဖြစ်တယ်လို့ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ဘာလို့ တက်တာလည်း ဆိုတော့ သူတို့က အစည်းအဝေး ခေါ်တယ်လို့ ကြားတယ်လေနော်၊ အဲ့ကျတော့ သူတို့က ဒေါ်လာတွေလည်း သူတို့မှာ မရှိဘူး ဆိုတော့ ကိုယ့်ဘာကိုပဲ ဖန်တီးပြီး လုပ်ပေါ့နော်၊ အခု သတင်းတွေမှာ တက်နေတဲ့ (၁၈၅၀)က သူတို့ ဖြတ်ဈေးပေါ့၊ ပြန်ဝယ်တာ ကိုယ့်ဟာကို (၂၂၀၀)ပေါက်ပေါက် (၂၃၀၀)ပေါက်ပေါက် ပြန်ဝယ်ပြီး ရှာဝယ်ပေါ့နော်၊ သူတို့မှာလည်း ဒေါ်လာ မရှိဘူး၊ ကိုယ့်ဟာကို ရှာ ကိုယ့်ဟာကို လုပ်ပေါ့နော်၊ အဲ့လိုမျိုး ဆိုတဲ့အခါကျတော့ အဲ့တာတွေလည်း ပါမှာပေါ့နော်၊ အဲ့ဒီ အစည်းအဝေး ပြီးကတည်းကပဲ အဲ့သတင်း အပြင်ထွက်ပြီးတော့ တခါတည်းပဲ ဆီက တက်သွားတာပဲ၊ အဲ့လိုမျိုး ပြီးတော့လည်း ဆီတန်ချိန် ပေးတာလည်း လျော့ချလိုက်တယ်လို့ ကြားတယ်၊ အဲ့လိုပေါ့နော် စုံသွားတာ နေမှာပေါ့၊ ကမ္ဘာ့ဈေးကလည်း ကျနေတယ်၊ အဲ့တာပြီးတော့ မလေး ဈေးကွက်ကလည်း ကျနေတယ်၊ ကျွန်တော်တို့မှာတော့ တက်နေတယ်၊ ပစ္စည်းလည်း မရှိဘူး၊ အဓိကတော့ ဒေါ်လာ မလည်ပတ် နိုင်လို့ဘဲ နေမှာပါ”လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်တွင်းထွက်ရှိတဲ့ ပဲ ဆီ နှမ်းဆီတွေကို ပိုမို သုံးစွဲလာအောင်အတွက်ဆိုပြီး အကန့်အသတ်နဲ့ ဆီထုတ်ပေးနေတာကြောင့် မလုံလောက်မှုတွေ ရှိလာသလို ရေရှည်မှာ စားအုန်းဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ သူက ဆိုပါတယ်။

ပြည်တွင်းမှာ ဒေါ်လာငွေ ကယက်ကြောင့် စားအုန်းဆီ ဈေးနှုန်း ဆက်လက် မြင့်တက်နေပေမယ့် ကမ္ဘာ့ စားအုန်းဆီ ဈေးကွက်မှာတော့ ဈေးနှုန်း ကျဆင်းနေတာ ဖြစ်ပါတယ်။

စားအုန်းဆီဟာ စစ်တပ် အာဏာမသိမ်းခင်က တစ်ပိဿာကို ကျပ် ၂၄၀၀ ဝန်းကျင်သာ ရှိရာမှ လက်ရှိမှာတော့ တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက် လာသလို ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း နေ့စဉ် နီးပါး ဖြစ်ပေါ်နေတာပါ။

မြန်မာနိုင်ငံမှာတော့ စားအုန်းဆီတွေကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ တို့မှ အဓိက တင်သွင်း ရောင်းချတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...