ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၄ နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း ဗိုလ်စောအယ်ကွီး(ခေါ်) ကော်လာဖိုးဦးစီးသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အထူးတပ်ရင်းနှင့် ကေအဲန်ယူ တပ်မဟာ(၄) လက်အောက်ခံတပ်ဖွဲ့များအကြားဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုပြဿနာများကို ကြားဝင်ဖြေရှင်းပေးမှုလိုအပ်ကြောင်း KNU ဘက်က ပြောသည်။
ယခုဇူလိုင်လမှစ၍ ကေအဲန်ယူ တပ်မဟာ(၄)နှင့် KNDO အထူးတပ်ရင်းတို့ လက်နက်ကိုင်တပ်ဖွဲ့အကြား တင်းမာမှုများရှိလာခဲ့ပြီးနောက်နှစ်ဖက်ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ အချင်းချင်း မျက်နှာချင်းဆိုင်ဖြေရှင်းနိုင်ရန် ကြားဝင်ဖြေရှင်းပေးမည့်သူလိုအပ်ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလော်စိုးဝင်းက ကေအိုင်စီသို့ ပြောသည်။
သူက ” ကျနော်တို့ကတော့ ဒီပြဿနာဆက်ပြီး မကြီးထွားအောင်တော့ ကြိုးစားပြီး နည်းလမ်းရှာနေတာပဲ။ အချင်းချင်းကြားနားလည်မှုရအောင် ဥပမာ ကြားဝင်ဖြေရှင်းပေးတဲ့ ပုံစံမျိုးပေါ့။ ကျနော်တို့အချင်းချင်းကြားတော့ တွေ့ပြီး ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး။ သူတို့ဘက်က ကျနော်တို့ကို ယုံကြည်လို့မရဘူး၊ တွေ့လို့မရဲဘူး၊ မတွေ့နိုင်ဘူး ဆိုတဲ့ စဉ်းစားချက်က ရှိနေမှာပဲ။ အဲ့ဒါကြောင့် ကျနော်တို့ကြားမှာ ကြားဝင်ပြီး ပြန်လည်စည်းလုံးမှုပေးမယ့်ပုံစံနဲ့ တစ်ဆင့်တစ်ဆင့်သွားမှ ရမယ်” ဟု ပြောသည်။
အဆိုပါ စောကော်လာဖိုး ဦးဆောင်သည့် KNDO အထူးတပ်ရင်းသည် လက်ရှိ ကော်သူးလေ တပ်မတော်(Kaw Thoo Lei Army)ကို ဦးဆောင်ဖွဲ့စည်းခဲ့သူ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ၏ ဦးဆောင်ညွှန်ကြားမှု အောက်တွင်ရှိနေသည်ဟု KNU ဘက်က ပြောသည်။
“ ဒီမှာရှိတဲ့ KNDO တပ်ရင်း(၇) နဲ့က ဘာမှမဖြစ်ဘူး။ သူတို့က တပ်မဟာ(၄)ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာ။ ဒါပေမဲ့ စောကော်လာဖိုးတို့ အဖွဲ့ကျတော့ တပ်မဟာ(၄)ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ သီးသန့်သူတို့ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားမှုနဲ့ပဲသွားနေတာ။”ဟု ဘိတ်-ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလော်စိုးဝင်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့နှင့် ဇူလိုင်လ ၁၇ ရက်နေ့များတွင် အဆိုပါ စောကော်လာဖိုးဦးဆောင်သည့် KNDO တပ်ဖွဲ့ဝင်များမှ KNU တပ်ဖွဲ့ဝင်များကို နှစ်ကြိမ်ဝင်ရောက် တိုက်ခိုက်မှုပြုခဲ့ကြောင်း ဘိတ်-ထားဝယ်ခရိင် အခြေစိုက် ကွယ်ကလူသတင်းအရင်းအမြစ်က ရေးသားဖော်ပြထားသည်။ ၎င်းအပေါ် ဗိုလ်စောကော်လာဖိုးကမူ ၎င်းတို့ တပ်ဖွဲ့ဝင်များ ရိက္ခာသွားရောက် ဝယ်ယူသည့်လမ်းတွင် KNU ဘက်က ရွာထိပ်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ၎င်း၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ဖြေရှင်းပြောဆိုထားသည်ကို တွေ့ရှိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကေအိုင်စီအနေဖြင့် သက်ဆိုင်ရာ ကေအဲန်ယူ ဗဟို ၊ ကာကွယ်ရေးဌာန တာဝန်ရှိသူများကိ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကမူ ၎င်းကိစ္စကို ဖြစ်စဉ်အသေးစိတ်မသိရှိသေးကြောင်းနှင့် သက်ဆိုင်ရာ ဗိုလ်စောအယ်ကွီး(ခ) စောကော်လာဖိုးကို မေးမြန်းရအုံးမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ယခုလို ပြောသည်။
“အဲ့ကိစ္စတွေတော့ အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ ကြားမိတာက သူတို့(စောကော်လာဖိုး)က စစ်တပ်ကို သွားစောင့်ပစ်တာပဲတဲ့။ အဲ့ဒါကို ဟိုဘက်တစ်ဖွဲ့က လာအော်လို့ဆိုပြီး ခြောက်ပစ်တာပဲတဲ့။ ခြောက်ပစ်တော့ ပြန်ပစ်ခံရတာလို့ပဲ ကျနော်ကြားမိတယ်။ ဒါပေမဲ့ ဗိုလ်အယ်ကွီးကိုတော့ ပြန်မေးကြည့်ရအုံးမယ်။” ဟု သူက ပြောသည်။
ထို့အပြင် အချင်းချင်းကြား ပစ်ခတ်မှုများ မပြုလုပ်ရန်၊ ရန်သူကိုသာ တိုက်ခိုက်သွားရန်နှင့် တစ်ဖက်နှင့် တစ်ဖက် ရှောင်ရှားကြရန်နှင့် သူ့ကဏ္ဍနှင့်သူ လုပ်ဆောင်သွားပြီး နှစ်ဖက်အကြား ပဋိပက္ခမရှိစေရေး အကောင်ဆုံး စီမံလုပ်ဆောင်သွားရန် ၎င်းအနေဖြင့် ပြောဆိုညွှန်ကြားထားကြောင်းလည်း ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက ဆက်ပြောသည်။
အလားတူ ဇူလိုင်လ ၁၉ ရက်နေ့တွင် နွေဦးပြောက်ကျားတပ်ဖွဲ့(Nway Oo Guerrilla Force)အမည်ဖြင့် သတင်းထုတ်ပြန်ချက်တစ်စောင် ပေါ်ထွက်လာပြီး ၎င်းထုတ်ပြန်ချက်တွင် ကော်သူးလေ အထူးစပါယ်ရှယ် တပ်ရင်းနှင့် ၎င်းတို့ နွေဦးပြောက်ကျားပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းကို ကေအဲန်ယူ တပ်မဟာ(၄) လက်အောက်ခံ ဗိုလ်ဖိုးချစ်ဦးဆောင်သော တပ်ရင် ၁၀ မှ တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ ဗိုလ်စောအယ်ကွီး(ခေါ်) စောကော်လာဖိုး ဦးစီးသည့် KNDO အထူးတပ်ရင်းကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် က ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြမှ ညွှန်ကြားဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖွဲ့စည်းမှုကိုလည်း သက်ဆိုင်ရာ KNU တပ်မဟာ(၄)ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုမပြုခဲ့ကြောင်းနှင့် တရားဝင်မှုမရှိကြောင်းလည်း KNU ဘိတ်-ထားဝယ်ခရိုင်က ဆိုသည်။
ထို့အတူ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြဦးဆောင်မှုဖြင့် ကော်သူးလေတပ်မတော် (Kaw Thoo Lei Army) ကို ဖွဲ့စည်းကြောင်း ဇူလိုင်လ ၁၉ ရက်နေ့ က ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးထုတ်ပြန်ကြေညာခဲ့သည်။







