တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ (၁၀)ရွာမှ စစ်ဘေးရှောင် (၆,၀၀၀) ကျော်အတွက် စားနပ်ရိက္ခာဝယ်ယူနိုင်ရေး အခက်အခဲရှိနေပြီး ရိက္ခာပြတ်တောက်နိုင်သည့် အခြေအနေမှာရှိနေကြောင်း ၎င်းစစ်ဘေးရှောင်များကို အနီးကပ်ကူညီပေးသူများထံမှ သိရသည်။
သရက်ချောင်းမြို့၊ တောင်ပျောက်တိုက်နယ်အတွင်းကို ယခုဇူလိုင်လ ၃ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို ရှင်းလင်းရန် အကြောင်းပြချက်ဖြင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် ရေဗျတ်၊ မယ်ကဲ၊ ကျောက်အိုင်၊ ဝင်းကမော်၊ ကျွဲခြံ၊ လယ်စု၊ ရေပူ၊ ဗျတ်ဝိသား၊ တောင်ပျောက်တိုက်ကျေးရွာနဲ့သဲချောင်းကြီးစသည့် ကျေးရွာတွင်းနေထိုင်သူများမှာ ဘေး လွှတ်ရာသို့ ရှောင်တိမ်းနေရပြီး ယခုအခါ စားနပ်ရိက္ခာအခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု စစ်ရှောင် ကူညီပေးသူတစ်ဦးက ယခုလိုပြောသည်။
၎င်းက”လတ်တလောမှာတော့ရိက္ခာတွေဝယ်လို့မရဘူး။ လမ်းနှစ်လမ်းလုံးကို စကစတွေက ပိတ်ထားတော့ ရိက္ခာတွေဝယ်မရဘူး။ ဆန်သယ်လို့ရတဲ့သူတွေကလည်း စကစကို ထောက်ခံအားပေးတဲ့သူတွေ သူတို့နဲ့ ရင်းနှီးတဲ့သူတွေပဲဝယ်လို့ရတယ်။ သူတို့တောင်အခု တစ်အိမ်ကို ငါးအိတ်ထက်ပိုပြီး မသယ်ရဘူး။ အဲ့လို သတ်မှတ်ထားတဲ့ဟာတွေရှိတယ်။ နောက်တစ်ခုက ဒီဆန်သယ်ဖို့အတွက်ကို ထောက်ခံစာရေးမှရတယ်။ ထောက်ခံစာကလည်း ဒီစကစတွေရှိတဲ့တပ်ကုန်းကြီးကျေးရွာက ပျူစောထီးလား၊ အုပ်ချုပ်ရေးအပိုင်းက လူလားမသိဘူး၊ အဲ့ဒီလူတွေဆီကနေပြီးတော့ ထောက်ခံစာရေးခိုင်းပြီးမှ ဆန်ဝယ်လို့ရတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
ယခုစစ်ဘေးရှောင်နေရသူများအနေဖြင့် ၎င်းတို့ ကျေးရွာအတွင်းသို့ ပြန်သွားနိုင်ခြင်းမရှိသေးဘဲ ယခုအချိန်ထိ စစ်ဘေးရှောင်နေကြရသလို စားနပ်ရိက္ခာသွားရောက် ဝယ်ယူနိုင်မည့် လမ်းကြောင်းများလည်း ပိတ်ပင်ကန့်သတ် မှုများရှိနေပြီး ၎င်းစစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ လည်း အများအပြားပါဝင်သည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
၎င်းစစ်ရှောင်များကိုထောက်ပံ့ရန်အတွက် ဆန်ဝယ်ရာတွင်လည်း တောင်ပျောက်တိုက်နယ်တွင်သာမက ထားဝယ် မြို့ဝင်၊ မြို့အထွက်ဂိတ်များတွင်လည်း ထောက်ခံစာကိုပြနိုင်မှသာ ဆန်များကို ဝယ်ယူနေရသည်ဟု ဒေသခံအမျိုး သမီးတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
‘’အဲ့ဒီဆန်ဝယ်တဲ့ကိစ္စကလည်း ကျမတို့တိုက်နယ်ထဲကိုဝင်တဲ့ဆန်မှ မဟုတ်ဘူး။ ထားဝယ်မြို့ဝင်မြို့ထွက်ဂိတ်တွေ မှာလည်းဘဲ ဆန်ဝယ်မယ်ဆိုလို့ရှိရင် ထောက်ခံစာရှိမှဝယ်လို့ရတယ်။ အရင်တုန်းကဆိုရင်သုံးဘီးဖြစ်ဖြစ် ၊ ကားဖြစ်ဖြစ် ဆန်အိတ်တွေ သယ်လို့ရတယ်။ အခုတော့သယ်လို့ မရတေ့ာဘူး။ ထောက်ခံစာပြ၊ ထောက်ခံစာရှိမှ ဝယ်လို့ရတယ်။ ဒါတောင်အများကြီးဝယ်လို့မရဘူး’’ဟု ထိုဒေသခံ အမျိုးသမီးက ပြောသည်။
တောင်ပျောက်တိုက်နယ်အတွင်းသို့ အခြားဒေသမှနေ၍ စားနပ်ရိက္ခာဝယ်ရန် လမ်းမရှိဘဲ နှစ်ဖက်ပိတ်မိနေသလို ဖြစ်နေကာ စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့တွင် ကျန်ရှိနေသေးသည့် ရိက္ခာများကိုသာ စာသုံးနေရပြီး အပြင်သို့ ထွက်ဝယ်မရသည့် အခြေအနေများကြောင့် ကာလကြာမြင့်လာသည့်အခါ ရိက္ခာပြတ်တောက်သွား နိုင်သည့်အပေါ် စိုးရိမ်နေကြကြောင်း တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီသူများက ပြောသည်။







